ဒန်တီက ယူကိုလေးတို့အကြောင်း အစချီမေးလိုက်တော့ ဖင်လ်ဟာ သူ့မျက်နှာထက်က မျက်မှန်အား ဆွဲချွတ်လိုက်ကာ သက်ပြင်းဖွဖွချလေရဲ့။

“ငါတို့စကားများထားတယ် ဒန်တီ”

“ကလေးနဲ့လား ကလေးအဖေနဲ့လား”

“ကလေးအဖေနဲ့”

ထင်ပါတယ်။ ကလေးနဲ့သာ စကားများထားရင် သူ့ဆရာ ဒီလောက်ထိ ဖြစ်နေစရာမှမလိုတာ။ ပြီးတော့ ကလေးတွေ စိတ်ဆိုးစိတ်ကောက် ဖြစ်နေရင် မုန့်ဖြစ်ဖြစ် ကစားစရာဖြစ်ဖြစ် ဝယ်ပေးပြီး ချော့လိုက်ရုံပဲ မဟုတ်လား။ သူ့ဆရာ အဲ့ဒီလောက်တော့ မတုံးသေးပါဘူး။

“ဆရာတို့ ဘာဖြစ်ကြတာလဲ ကျွန်တော် သိလို့ရမလား ဒါမှလည်း ကျွန်တော် အကြံပေးလို့ရမှာလေ”

ဒန်တီ စကားကြောင့် ဖင်လ်လည်း ဒန်တီအား အကြောင်းစုံ ပြန်ပြောပြကာ သူလုပ်တာ မှားသလားဆိုပြီး မေးခွန်းထုတ်လေရဲ့။

“အမှန်အတိုင်းပြောရရင် ဆရာ အဲ့ဒီလို မပြောခဲ့သင့်ဘူး ပြောရလောက်တဲ့အထိလည်း ဆရာတို့ ဆက်ဆံရေးက ရင်းနှီးတဲ့ မိတ်ဆွေတွေထက်မှ မပိုတာ ဆရာ သူ့ဘဝကို လိုက်စိုးမိုးနေလို့မရဘူးလေ”

ဒန်တီအပြောမှာ ယုတ္တိရှိသည်။ ဒီအတွက်ကြောင့် ဖင်လ်ဟာ တုံ့ပြန်စရာ စကားပင် အစရှာမရခဲ့ပေ။

“ငါဘာလုပ်ရမလဲ ဒန်တီ”

“ပြန်တောင်းပန်လိုက်ပါ ဆရာ”

“ဒါပေမဲ့ ငါသူ့ရှေ့ မျက်နှာမပြရဲဘူး အဲ့ဒီနေ့က သူ့အရမ်းစိတ်ဆိုးသွားတဲ့ပုံပဲ ငါ့ကိုလည်း ထွက်သွားခိုင်းပြီး ယူကိုလေးကလည်း အခုချိန်ထိ ငါ့ကို မဆက်သွယ်လာဘူး ကြည့်ရတာ သားအဖ နှစ်ယောက်လုံး ငါ့ကို စိတ်ပျက်သွားပြီ ထင်ပါတယ်ကွာ”

အခုကျတော့လည်း ဖင်လ်ပုံစံဟာ စိတ်ကောက်နေသည့် အမျိုးသားနှင့်ကလေးအား ဘယ်လို ဘယ်ပုံစံ ချော့ယူရမလဲ မေးခွန်းထုတ်နေသည့် ပုံစံလေးပင်။ ဒန်တီမှာ သူ့ဆရာ ဖင်လ်ပုံစံကိုကြည့်ပြီး ရယ်လည်းရယ်ချင်။ ရယ်လည်းမရယ်ရက်ပင်။

“ကျွန်တော် အကြံပေးရရင် ကလေးအဖေကို အရင်မချော့သေးဘဲ ကလေးနဲ့ အရင်တွေ့ကြည့်ရင်ရော”

-HOW TO DATE WITH SINGLE FATHER-Where stories live. Discover now