Unicode
Chanyeol..... ဟုတ်တယ် ကျွန်တော့်နာမည်က Park Chanyeol ။ ဒီနှစ်က ကျွန်တော်အလယ်အတန်းကိုစတက်ရမဲ့နှစ်။ အရင်က မြို့မှာ ကျောင်းတက်ခဲ့ပေမဲ့ အခုကတော့ဖိုးဖိုးကျန်းမာရေးကြောင့် တစ်မိသားစုလုံး နယ်မြို့လေးတစ်ခုကို ပြောင်းလာခဲ့ရတယ်။ ဖိုးဖိုးရဲ့ကျန်းမာရေးကြောင့် တစ်မိသားစုလုံးပြောင်းလာရပေမဲ့ မိသားစုရဲ့မဏ္ဍိုင် ဖြစ်တဲ့ဖေဖေနဲ့ မမ ကတော့ အခုချိန် S နိုင်ငံမှာ စီးပွားရေးကိုလုပ်နေကြတုန်းပါပဲ။
ကျွန်တော်တို့မိသားစုကထူးဆန်းသား။ ကိုယ့်နိုင်ငံမှာ စီးပွားရေးမလုပ်၊ တစ်ခြားနိုင်ငံမှာစီးပွားရေးလုပ်နေတာ ဘာလို့လဲမသိဘူး။ ထိုချိန်ထိ ကျွန်တော်ဟာ ကျွန်တော့်မိသားစုရဲ့ရှေ့ရေးအစီစဥ်ကိုမသိသေးတဲ့ ကလေးတစ်ယောက်ပါပဲ။ သို့သော် ကျွန့်တော့အသက် ၁၆နှစ်မှာတော့ အရာရာကိုကျွန်တော်နားလည်သွားခဲ့တယ်။
2004.....
"Chanyeol ရေ...သားငယ်ရေ..ထတော့လေ။ မေမေတို့ဒီနေ့ နယ်ပြောင်းရမှာလေ သားငယ်ရေ"
ဟုတ်သားပဲ။ မေမေ အော်ပြောကာမှ ဒီနေ့ပြောင်းရမယ်မှန်း Chanyeol သတိရတာ။
"ထပြီ..ထပြီလို့!! အဲ့နယ်ကိုမပြောင်းချင်ပါဘူးဆိုနေ။ Sehun တို့နဲ့လည်းမခွဲ နိုင်ဘူးလို့ မေမေရဲ့"
မေမေက အသာပြုံးကာပြောသည်။
"သားငယ်အဲ့ရောက်ရင်ပျော်သွားမှာ။ Suho လေးတို့လည်း ဟိုမှာရှိတာပဲလေ။ ကြီးခဲ့တဲ့နွေရာသီက Suho လေးပြန်တုန်းကတောင် အာပြဲ ကြီးနဲ့အော်ငိုခဲ့တာ ဘယ်သူလဲပြော"
"အာ...မေမေကဘာတွေပြောနေတာလဲ။ တော်ပြီ ဖိုးဖိုးကိုသွားကြည့်တော့မယ်"
Chanyeol တစ်ယောက်ရှက်ရမ်းရမ်းပြီး
ဆူဆောင့်ကာ သူ့အဖိုးအခန်းဆီသို့ သုတ်ခြေတင်တော့လေသည်။
မနက်၉နာရီလောက်ကျတော့ Chanyeol တို့အိမ်ကနေစထွက်လာတော့တယ်။ ပစ္စည်းတွေတင်တဲ့ကားကြီးတွေက ၈နာရီလောက်ကတည်းကအရှေ့ကနေ ထွက်သွားကြသည်။ အခုကားလေးပေါ်မှာတော့ Chanyeol တို့သားမိရယ်၊ဖိုးဖိုးရယ်သာ ပါလာသည်။
မြို့ကနေထွက်လာတဲ့လမ်းမှာတော့ ၁၂နှစ်အရွယ် Chanyeol လေးက တရှု့ံရှု့ံ။ ဟော...အဲ့ကတည်းကအိပ်ပျော်သွားလိုက်တာ နယ်မြို့လေးဝင်ကာမှသာနိုးလာတော့သည်။
