စုန့်လျန်ရီမှာ အချီခံလိုက်ရသော်လည်းမနိုးသေးပေ၊နှုတ်ခမ်းမှလည်း သရေများကျနေသေး၏။

ဖန်းချောင်ကျိုးသည် အိပ်မောကျနေသည့် စုန့်လျန်ရီကို ရေချိုးခန်းထဲသို့ ချီလာပြီးနောက်  ကုလားထိုင်ပေါ်တွင် တင်ထားခဲ့သည်။ ထို့နောက် ရေချိုးရန် ကန့်လန့်ကာနောက်သို့ လျှောက်သွား၏။

ဖန်းချောင်ကျိုးသည် ရေချိုးနေစဉ်မှာပင် ဆူညံသံတချို့ကြားလိုက်ရသဖြင့် မျက်လုံးများဖွင့်ကြည့်လိုက်၏။ မကြာခင်မှာပင် သူ၏ရေချိုးကန်ဘေးနားသို့ ချဉ်းကပ်လာသော ကလေးလေးအားတွေ့လိုက်ရ၏။

စုန့်လျန်ရီ၏မျက်နှာ‌လေးသည် အိပ်ရာနိုးကာစဖြစ်သဖြင့် နီရဲနေ၏။ သူသည်မျက်လုံးများကို ပွတ်သပ်နေပြီး အသံမှာမနေ့ကအသံထက် အနည်းငယ်ကျယ်နေ၏။

"ဖန်ချောင်ကျိုး၊ ငါလည်း ရေချိုးချင်တယ်"

ဖန်းချောင်ကျိုးသည် ထိုကလေး၏အရပ်အမောင်းကို အကဲဖြတ်ပြီး "မင်းရေချိုးမယ်ဆိုရင် ရေနစ်လိမ့်မယ်" ‌

စုန့်လျန်ရီမှာ ဒေါသထွက်နေပြီး ပါးပြင်များသည်လည်းဖောင်းကား‌နေ၏။ သူသည် ရေချိုးကန်ဘေးရှိ ခွေးခြေခုံပေါ်သို့တက်ကာ စည်ပိုင်းအနားကို လက်လေးများဖြင့် ဆုပ်ကိုင်လိုက်သည်။ "မနစ်ပါဘူး၊ ကြည့်နေ"

စုန့်လျန်ရီသည် ရေချိုးသည့်စည်ပိုင်းထဲသို့ဝင်ရန် ခြေဖျားထောက်လိုက်၏။ထို့ကြောင့် ဖန်းချောင်ကျိုးသည် သူ၏မျက်နှာရှိရေများအားသုတ်ကာ ထိုကလေးအားအောက်ချပေးရန် လက်လှမ်းလိုက်၏။သို့သော် သူလက်မြှောက်လိုက်သည်နှင့် စုန့်လျန်ရီမှာ ရေထဲသို့ ကျသွားတော့၏။

"ပလုံ"

ဖန်းချောင်ကျိုးသည် ထိတ်လန့်သွားပြီး ထိုကလေးကို ရေထဲမှ ချက်ချင်းဆယ်ယူလိုက်သည်။ သို့သော် စုန့်လျန်ရီမှာ ရေမွန်းသွားပုံရပြီး မျက်လုံးများမှ မျက်ရည်များ စီးကျနေ၏။ ကလေးငယ်သည် ကြောက်လန့်နေပြီး ဖန်းချောင်ကျိုး၏လည်ပင်းအား တင်းတင်းကြပ်ကြပ် ဖက်ထားလေသည်။

ထိုအချိန်တွင် ဖန်းချောင်ကျိုးမှာ တစ်စုံတစ်ယောက်၏ ခြေသံကို ကြားလိုက်ရသည်။

"ရှစ်ရှုန်း၊ အထဲမှာရှိလား"

တံခါးတွန်းဖွင့်လိုက်သည့် အသံထွက်ပေါ်လာသည်။

ထိုအချိန်တွင်၊ ဖန်းချောင်ကျိုးသည် ကျောက်စိမ်းပေလွှာမှ သင်ယူခဲ့သော ပုံစံပြောင်းနည်းအား ရုတ်တရက် သတိရသွား၏။ နောက်အခိုက်အတန့်တွင်၊ သူ့အပေါ်၌ လဲလျောင်းနေသော အရုပ်ကလေးသည် အဖြူရောင်လက်ကိုင်ပုဝါအဖြစ်သို့ ပြောင်းလဲသွားလေသည်။

တစ်ချိန်တည်းမှာပင်၊ ရွှယ်သမ်းရုန်သည် ကန့်လန့်ကာနောက်သို့ လျှောက်လာနေပြီဖြစ်၏။ ဖန်းချောင်ကျိုး ရေချိုး‌နေသည်ကို တွေ့လိုက်ရချိန်တွင် သူ၏အမူအရာ သိသိသာသာ ပြောင်းလဲသွားပြီး မျက်နှာအား အနည်းငယ် လှည့်လိုက်၏။

"ရှစ်ရှုန်း ရေချိုးနေတာလား"

"ဟုတ်တယ်" ဖန်းချောင်ကျိုးမှာ အတင်းပြုံးပြပြီး အဖြူရောင်လက်ကိုင်ပုဝါလေးကို သူ့ဘေးရှိ သစ်သားဗန်းပေါ်၌ သေချာချထားလိုက်၏။ "မင်း မနက်ခင်းလေ့ကျင့်မှု ပြီးသွားပြီလား? ငါ ခဏနေရင်ပြီးတော့မှာ အပြင်မှာစောင့်နေလေ"

သို့သော် စကားဆုံးသည်နှင့်  ရွှယ်သမ်းရုန်မှာ အပြင်မထွက်ဘဲ ရေချိုးစည်ပိုင်းဆီသို့ လျှောက်လာခဲ့သည်။ ဖန်းချောင်ကျိုးမှာ ရွှယ်သမ်းရုန်သူ့အနီးသို့ ချဉ်းကပ်လာသည်ကို မြင်လိုက်ရသည်နှင့် သစ်သားဗန်းပေါ်ရှိ အဖြူရောင်လက်ကိုင်ပုဝါအား ကြည့်လိုက်မိ၏။

လက်ကိုင်ပုဝါကိုဖော်ထုတ်ဖို့ သိပ်တော့မလွယ်ဘူး မဟုတ်လား??

သို့သော် နောက်အခိုက်အတန့်တွင် ရွှယ်သမ်းရုန်၏ သွယ်လျသော လက်တစ်စုံသည် လက်ကိုင်ပုဝါကို ကောက်ကိုင်လိုက်သည်အား မြင်လိုက်ရ၏။

ဖန်းချောင်ကျိုး၏နှလုံးသည် ချက်ချင်းပင် တင်းကျပ်လာ၏။

ရွှယ်သမ်းရုန်သည် လက်ထဲရှိ လက်ကိုင်ပုဝါအား ငုံ့ကြည့်ပြီးနောက် စည်ပိုင်းထဲရှိ လူငယ်လေးအားကြည့်လိုက်၏။ သူ၏ ဖီးနစ်နှင့်တူသော မျက်လုံးများသည် သန့်ရှင်းပြီး ညစ်ညမ်းသော အတွေးများ ကင်းစင်နေပုံပေါ်နေသည်။

"ရှစ်ရှုန်းရဲ့ ကျောကိုတိုက်ပေးမယ်"

Transmigrated Into Heartthrob Novel and Went OOC Where stories live. Discover now