ဇွန်ဘီများ၏ လက်ရှိစွမ်းရည်မှာ အကန့်အသတ်နှင့်သာ ရှိနေသေးသည်။ သူတို့လမ်းတွင်ရှိသည့် အရာများအား  တွန်းတိုက်ခြင်း၊ ရိုက်ပုတ်ခြင်းများသာ ပြုလုပ်နိုင်ကြသည့်အတွက် ရှဲ့ကျွင်းတို့သည် ချောချောမွေမွေ့ ကိုင်တွယ်နိုင်ကြသည်။ နာရီဝက်ခန့်အကြာတွင် သူတို့အဖွဲ့သည် တောင်ခြေသို့ အောင်အောင်မြင်မြင် ရောက်ရှိခဲ့ကြသည်။

လမ်းဆုံအားကြည့်ကာဖြင့် ရှောင်ဝူယိသည် သူ၏ ပထမဆုံး ဟမ်းစတားပြဿနာအား ကြုံတွေ့ရလေပြီ။ ဘယ်ကိုကြည့်ပြီးနောက် ညာကိုကြည့်သည်။ သူ့မျက်လုံးထဲတွင် ရှုပ်ထွေးမှုတို့ ပေါ်လာသည်။

ဘယ်လမ်းက မြောက်ပိုင်းကို သွားတာလဲလို့..

ရှောင်ဝူယိမှာ ကူကယ်ရာမဲ့စွာဖြင့် မျက်လုံးများ မှိတ်ကျသည်အထိ ပြုံးလို့နေဆဲဖြစ်သော ရှဲ့ကျွင်းတို့အား လှည့်ကြည့်လိုက်သည်။ အဆုံးတွင် မျက်နှာထားတင်းတင်းအား စိတ်မပါစွာဖြင့် ဖြေလျှော့လိုက်ရသည်။

“ဘယ်လမ်းကို သွားရမလဲဆိုတာ မသိဘူး..”

ရှဲ့ကျွင်းတို့မှာ ကတိမမည်သည့် ထိုစကားအား ကြားသည့်အခါ အပျော်လွန်သွားကြသည်။ လူငယ်တစ်ဦးသည် တက်ကြွစွာဖြင့် အလျင်စလို ပြေးလာပြီး ဝမ်းသာအားရ ပြောလေသည်။

“ကျွန်တော်တို့ အားလုံး လမ်းသိတယ်.. တာ့ကော ဘယ်ကိုသွားချင်တာလဲ..”

“ငါက မြောက်ပိုင်းကိုသွားမှာ.. အရမ်းအေးပြီး နှင်းကျတဲ့နေရာ.. ဒယ်ဒီက အဲဒီမှာ ရှိနေတယ်..”

ရှဲ့ကျွင်းနှင့် အဖွဲ့သားများ : “……?”

“တာ့ကောရေ.. နည်းနည်းလေး တိတိကျကျ ပြောပေးလို့ရမလားဗျ..”

“နှင်းကျတယ်.. မြောက်ပိုင်း.. အဲဒါက မတိကျသေးလို့လား..”

ဟမ်းစတားလေး၏ မျက်နှာတွင် နားမလည်မှုနှင့် စိတ်ရှုပ်ထွေးမှုတို့ ထင်ဟပ်နေသည်။

ရှဲ့ကျွင်းနှင့် အဖွဲ့သားများ : “.......” ဒီလောက်ဆို ရပါပြီ.. ငါတို့ရဲ့ တာ့ကောက မြင်ရသလို ထက်မြက်တဲ့ ကလေးဖြစ်ပုံမရဘူး..

ရှဲ့ကျွင်း၏ ရှည်လျားလှသည့် ရှင်းပြချက်အပြီးတွင် ရှောင်ဝူယိလေး နားလည်သွားခဲ့လေပြီ။ မြောက်ပိုင်းမှ နှင်းထု၏ အကျယ်ပမာဏအား သိရှိပြီးနောက်တွင် ချက်ချင်းပင် ဝမ်းနည်းအားငယ်လာမိသည်။

  ဟမ်းစတားလေး ဝူယိ (ဘာသာပြန်)Where stories live. Discover now