"ဒီနေ့ ချောင်းသာမှာ မိုးရွာလားဟင်"

ပျိုး တကယ်တော့ ခုလို သူအဝေးကိုရောက်နေတဲ့အချိန်မှာ ဘာပြောရမှန်းမသိတာကြောင့်ရယ် ၊ နေ့လယ်က မိုးသည်းသည်းမည်းမည်း ရွာချိန် သူ့ကိုသတိရတာရယ်ကြောင့် မေးလိုက်ခြင်းဖြစ်သည်။

"နည်းနည်းပါ အဲ့မှာရော"

"အင်း...တော်တော်ရွာတယ်။ မင်းအိပ်ရေးဝအောင်အိပ်နော် ညစာရော"

"စားပြီးပါပြီ အိပ်ရေးလဲဝအောင်အိပ်တယ် အိပ်မပျော်ခင်တော့ တော်တော်ဒုက္ခရောက်တယ်သိလား"

ပျိုး သူ့ရဲ့ ဒုက္ခဆိုတဲ့စကားကြောင့် မျက်ခုံးတန်းလေးတွေ ချက်ချင်းစုကျုံ့သွားကာ..

"ဘာဖြစ်လို့လဲ "

မင်းညီလာက စားပွဲပေါ်ကဖုန်းကိုယူလိုက်ပြီး  ခန္ဓာကိုယ်ကို အိပ်ရာပေါ်လှဲချကာ အိပ်ရာပေါ်မှ ဖက်ခေါင်းကို ဖက်လိုက်၏။

" ဖက်အိပ်ရမယ့်မင်း မရှိလို့လေ မောင်တကယ်မအိပ်တတ်ဘူးသိလား အရမ်းဒုက္ခရောက်တာပဲ "

မင်းညီလာတို့က စကားပြောဖို့ သင်တန်းတွေယူထားသလားလို့တောင်ထင်ရသည်။

"မင်း ငါ့ကို ညုကလီးယားတွေ လာပြောမနေနဲ့"

မင်းညီလာက ပျိုး ပြောသည့် ညုကလီးယား ဆိုတာကို စဥ်းစားသွားဟန်နဲ့ မျက်နှာကို ခပ်တွေတွေလုပ်လိုက်သည်။

"နျူကလီးယားပဲ ကြားဖူးပါတယ် ဘာလဲညုကလီးယား"

သူ့ပြောသည့်ပုံစံနှင့် စကားကြောင့် ပျိုးခပ်ဖွဖွပြုံးလိုက်ပြီး...

"မင်းက ငါ့ကို လာညုနေတာကို အဲ့တာကြောင့် ညုကလီးယား လို့ပြောတာလေ"

မင်းညီလာက သည်တော့မှ သွားပေါ်အောင်ထိရယ်လိုက်ကာ သူ့နှာဖူးကိုသူ လက်ဖြင့် ရိုက်လိုက်သည်။

"မောင်အခုပရောဂျက်ပြီးရင် အေးဆေးမောင်တို့အတူ ဒီကိုလာရအောင် ၊ မင်းချောင်းသာရောက်ဖူးလား"

"ဆယ်တန်းပြီးတော့ သူငယ်ချင်းတွေနဲ့ရောက်ဖူးတယ်၊ ငါကခရီးသွားရတာသိပ်ဝါသနာမပါတော့ သိပ်မရောက်ဖြစ်ဘူး။အဲ့ဒီတစ်ခါပဲ "

A year of love(U/Z)Where stories live. Discover now