သို့သော်လည်း ဆယ်ကျော်သက်လေးမှာ ထိုအရာအား သဘောကျနေရန် အချိန်မရှိပေ။ ကာယလေ့ကျင့်ခန်း လုပ်သကဲ့သို့ ခြေဆန့်လက်ဆန့်ဖြင့် သူပိုင်ဆိုင်သည့် ခန္ဓာကိုယ် ဟုတ်၊ မဟုတ်အား ထပ်ကာထပ်ကာ စစ်ဆေးလို့နေသည်။

“ဝူယိလေးက ဒယ်ဒီ့လိုမျိုး ခြေနှစ်ချောင်းနဲ့လူ တကယ်ကြီး ဖြစ်လာခဲ့ပြီ..”

စိတ်ထဲတွင် တွေးလိုက်ရုံဖြင့် လူသားဘာသာစကားအဖြစ်သို့ ချောချောမွေ့မွေ့ ဘာသာပြန်ဆိုနိုင်ပြီး ပါးစပ်မှ ထုတ်ပြောနိုင်လေသည်။ အိပ်ခန်းအတွင်းရှိ တိတ်ဆိတ်မှုအား စကားသံဖြင့် ဖြိုခွင်းလိုက်သည်။ အသံမှာ ပေါ့ပါးကာ နူးညံ့လှပြီး ဖိုထဲမှထုတ်ကာစ စေးကပ်ကပ် ဆန်မုန့်လုံးလေးသဖွယ် ဖြစ်သည်။

ဆယ်ကျော်သက်လေးမှာ သူ၏ ကိုယ်ပိုင်အသံကြောင့် အံ့အားသင့်လို့နေပြီး လည်ချောင်းအား လက်နှစ်ဖက်ဖြင့် အုပ်လိုက်သည်။ မျက်လုံးဝိုင်းဝိုင်းလေးများမှာ အံ့အားသင့်မှုနှင့် စိတ်လှုပ်ရှားမှုတို့ကြောင့် တဖျက်ဖျက်လက်လို့နေသည်။

“တကယ်ကြီး စကားပြောနိုင်တယ်..”

ရှောင်ဝူယိမှာ အလွန်ပျော်ရွှင်ကာ သူ့ပါးစပ်မှ ထွက်လာသည့်အသံဖြစ်ကြောင်း အတည်ပြုသည့်အနေဖြင့် နျဲ့ရှောင်၏နာမည်အား အကြိမ်ပေါင်းများစွာ ရေရွတ်လို့နေသည်။

သို့သော်လည်း ထိုအပြုအမူများမှာ တံခါးအပြင်ဘက်ရှိ ဝင်တိုက်မှုနှင့် တရှူးရှူးအော်ဟစ်သံများအား ပိုမိုပြင်းထန်လာစေသည်။

ရှောင်ဝူယိသည် အိပ်ခန်းတံခါးအားကြည့်ကာ မျက်မှောင်ကြုတ်မိသည်။ သို့သော်လည်း ထိုစိတ်မချမ်းမြေ့ဖွယ်ရာ ဆူညံသံများမှာ သူ့အား အလွန်အမင်း မပျော်ရွှင်စေသည့်တိုင် ထိုအသံများကို လျစ်လျူရှုကာဖြင့် နျဲ့ရှောင်၏ ဗီဒိုရှိရာသို့ တန်းတန်းမတ်မတ်သွားကာ အဝတ်တစ်ထည်ရွေးကာ ဝတ်ရန်ပြင်သည်။

အခန်း၏ လေအေးပေးစက်နှင့် အနွေးစက်များမှာ အလုပ်မလုပ်တော့သဖြင့် အမွေးပွပွလေးများ မရှိတော့သည့် ဟမ်းစတားလေးမှာ အနည်းငယ် အေးလို့နေသည်။

...Where stories live. Discover now