"နွေ" ပူအိုက်တယ် ၊ ရွက်ဟောင်းတွေ ကြွေပြီး ရွက်သစ်တွေ ထွက်တယ် ၊ ပန်းတွေလည်း ပွင့်တယ် နောက်ပြီး နွေရောက်ရင် ကလေးတွေက သိပ်ပျော်ကြတယ်တဲ့....ဒီနေ့ မန္တလေးမြို့ရဲ့ နေပူရှိန်ကတော့ သိပ်ကို ပျင်းတယ်ဗျာ ။ ထိုအချိန် ညီကတော့ ပိတောက်ပင်ရိပ်မှာ အေးအေးလူလူနဲ့ စာဖတ်နေတာပေါ့ ။ သူ့အတွက် ပိတောက်ပင်ရိပ်ဟာ အအေးချမ်းဆုံးပဲတဲ့လေ ။ ဘာကြောင့်ဆို ပိတောက်ပန်းတွေ ပွင့်တဲ့ အချိန်မှာ ချစ်ရသူကို တွေ့ရှိခဲ့လို့ပဲ ။ ညီကစာအုပ်ကို ဘေးချပြီး ပိတောက်ပင်ကြီးကို မော့ကြည့်ရင်း ကျော်လွန်ခဲ့တဲ့ နှစ်အချို့ရဲ့ အချိန်တွေကို ပြန်တွေးမိတယ်.....
~ လွန်ခဲ့သော ၁၀ နှစ်ခန့်က ~ 🍂
" မေမေ သားဒီနှစ်သင်္ကြန် မန္တလေးကို သွားလည်ချင်တယ် "
" မသွားရပါဘူး ငယ်သေးတယ် မေမေ စိတ်မချဘူး "
ညီ မန္တလေးသွားချင်တာနဲ့ မေမေ့ကို ဂျီကျနေတယ် ။ အရင်တုန်းကလည်း ပြောဖူးပါတယ် အဲ့တုန်းကလည်း ဆယ်တန်းမအောင်သေးလို့ဆိုပြီး မလွှတ်ဘူး ။ အခု ဆယ်တန်းအောင်ပြီးတော့လည်း မလွှတ်ပြန်ဘူး ။ မေမေတို့က အမျိုးမျိုးပါပဲ ။
" ကိုကြီးကလည်း လာခေါ်မယ်တဲ့ အခုဆို သားလည်း ဆယ်တန်းအောင်ပြီးပြီလေ မေမေပြောသလို ဂုဏ်ထူးပါအောင်လည်း သားကြိုးစားပြီးပြီ အချစ်ရေးကို စိတ်မဝင်စားရဘူးဆိုလို့ ဘယ်မိန်းကလေးနဲ့မှလည်း မပက်သက်ခဲ့ဘူး စကားတောင် မပြောခဲ့ဘူးဗျာ သားကို ဒီတစ်ခါတော့ သွားခွင့်ပေးပါနော် နော် မေမေ "
" မရဘူး မသွားရဘူး "
" ကဲပါ သီတာရယ် သားလည်း ငယ်တော့တာမှ မဟုတ်ဘဲ သွားခွင့်ပေးလိုက်ပါ "
သားအမိနှစ်ယောက် စကားပြောနေကြတုန်း ဘေးမှာ ထိုင်နေတဲ့ ဖေဖေက ဝင်ပြောတယ် ။ ဖေဖေက အမြဲတမ်း ကိုယ့်ရှေ့ကနေ ကာဆီးကာဆီး လုပ်ပေးတာကို မေမေက မကြိုက်ဘူး ။ ဒါပေမယ့် ဖေဖေစကားဆိုရင် တစ်ခွန်းပဲ ။
" ရှင်နော် သားကို ကြပ်ကြပ်အလိုလိုက် "
ဖေဖေ့စကားကို ကြားတော့ မေမေ ဒေါကန်ပါလေ၏။ ညီကတော့ ဘေးမှာ ပြုံးပြုံးကြီးထိုင်ကြည့်နေလိုက်တယ် ။ ဘာကြောင့်ဆို မန္တလေးကို သေချာပေါက် သွားရတော့မှာ ။