ကျနော် သူ့ကို ပြတင်းပေါက်ရဲ့ ဘောင်ပေါ်မှာတင်ထားတယ်။
အနားမကပ်တဲ့ ခပ်ချေချေ ကြောင်တစ်ကောင် ထိုင်နေတာကျနေတာပဲ။
ကျနော်ကတော့ ရေချိုးတယ် အဝတ်လျှော်တယ် ခြောက်သွားတဲ့အဝတ်တွေ ရုတ်တယ်။
ကျနော် facebook သုံးတယ်။ game ဆော့တယ်။
ကော်ဖီခွက်က လှမ်းကြည့်နေတယ်။
ကျနော့်အတွက်တော့ အလှောင်ခံရသလိုပဲ။
""" ကော်ဖီခွက်ရေ မမက လေယာဉ်မယ် ဖြစ်သင့်တယ်နော် ။
ကိုယ်လုံးကိုယ်ပေါက်က ကျော့ရှင်းသလိုမျက်နှာပေးအပြုံးကလည်း နန်းဆန်လို့လေ။
ဒါတွေကို မင်းအသိဆုံးပါကွာ။
ငါဘာလုပ်နေတာလဲ ဟုတ်လား။
ငါက အခုပုံစံနဲ့ခေါက်ရိုးကျိုးနေတာကြာပြီလေ။
ငါထောင်ထဲမှာ ဒါမှမဟုတ် စည်းကမ်းကြီးတဲ့အဖွဲ့အစည်းထဲမှာနေရမှာ။
ဒါမှ ပုံစံအပေးခံရ စနစ်ကျမှာ။
အခုတော့ လျော့တိလျောရဲပေါ့ကွာ။
ငါက ထိ မှ နာ တတ်တဲ့ အမျိုးအစားထဲကကွ။
ငါမင်းကို စကားပြောမိနေပြီ။
ငါရူးတော့မလား မသိဘူး။
အခုလည်း မင်းကို တိုင်တည်ပြီး ငါ စာတွေရေးနေမိတယ်။"""
ကော်ဖီခွက်က ကျနော့်အတွက် မိတ်ဆွေလိုဖြစ်နေတယ်။
တခြားမိတ်ဆွေတွေနဲ့ မတူတာက သူကစကားမပြောတတ်ဘူး။
ကျနော်နဲ့ မတည့်တာမျိုး ဘယ်တော့မှ ဖြစ်လာမှာမဟုတ်ဘူး။
ကျနော့်ကိုလည်း အကဲဖြတ်အပြစ်တင်မှာမဟုတ်ဘူး။
အခုလိုတွေက ရှေ့ပြေးနိမိတ်ဆိုရင်တောင် ပြုပါများရင် နာမည်တခုနဲ့ ရောဂါရတော့မယ်။
တချို့က အရာဝတ္ထုပစ္စည်းတစ်ခုခုကို ကိုယ့်ခန္ဓာကိုယ်ရဲ့ အစိပ်အပိုင်းတစ်ခုအဖြစ် စိတ်စွဲကြတယ်။
ကျနော် စံလွဲစိတ်ပညာ မဖတ်ဖူးဘူး။
အချစ်ဆိုတာ အလွမ်းဆိုတာ တဖက်စွန်းရောက်ရင် စိတ်ဝေဒနာဆန်မယ်လို့တော့ယူဆတယ်။
အချစ်ရူးတွေ ရေလို့မကုန်အောင်ရှိခဲ့မှာပါ။
အဲ့ဒီ အစွဲကပ်သူရှေ့မှာ အဲ့အရာကို တခုခုလုပ်ရင် ဝေဒနာရှင်မှာ ဝေဒနာတကယ်ခံစားရတယ်။
ကျနော်လည်း ကော်ဖီခွက်လေးကို ပုဂ္ဂိုလ်လို သတ်မှတ်မိရင် စံလွဲသောအတွေးစွဲသွားနိုင်မလားပေါ့။
တကယ်တော့ အနုပညာရှင်တွေဟာလည်း တကယ်မဟုတ်တာကို တကယ်လိုမျိုး ဖန်တီးပြရတာမဟုတ်လား။
ဦးရွှေရိုးနဲ့မမိုးအကကို တီထွင်ခဲ့တဲ့ ဆရာကြီး(နာမည်မမှတ်မိ)လည်း ဖန်တီးမှုအားကောင်းတဲ့ အနုပညာရှင်ဖြစ်ပြီးနောက်ဆုံးမှာ စိတ်ဝေဒနာရပြီး ဆုံးသွားတာ မဟုတ်လား။
ကော်ဖီခွက်လေးရေ။
ငါ့မှာ မိတ်ဆွေလိုပါတယ်။
မင်းဟာ သူ့ကို ကိုယ်စားပြုတယ်။
ငါမင်းကို တခါတလေရင်ဖွင့်ချင်ပါတယ်။
မင်းက မတည့်တော့ရင် ပျော့ကွက်နင်းချင်တဲ့ လူသား မဟုတ်တဲ့အတွက်ပဲ။
ČTEŠ
ကျွန်တော်နဲ့ကော်ဖီခွက်
Romanceကျွန်တော် ပေါ်ပေါ်ထင်ထင် Crush ခဲ့ရတဲ့ မမတစ်ယောက်ကို သတိရသမျှ သူကျွန်တော့်အနားက မထွက်သွားခင် တောင်းယူခဲ့တဲ့ သူ့ကိုယ်ပွါးကော်ဖီ ခွက်လေးကို စကားပြောထားတဲ့ တမ်းတမှုများ။