Chapter 11

823 99 0
                                    

အပိုင်း (၁၁) စီချွမ် ကြက်သား အစပ်


စီချွမ်ကြက်သားအစပ်ဟင်းမှာ အမြင်ဖြင့် ကြည့်လျှင် လွယ်သည်ဟု ထင်ရသော်လည်း အမှန်တကယ် ချက်လျှင် ထင်သလောက် မလွယ်ကူပေ။

အဓိက ပါဝင်ပစ္စည်း ဖြစ်သော ကြက်သားက အပြင်ပိုင်းတွင် ကြွပ်ရွပြီး အတွင်းပိုင်းတွင် နူးညံ့နေရမည် ဖြစ်သည်။

ငရုတ်သီးနံ့ မွှေးပြီး စေးကပ်ကပ် ဖြစ်၍ မရပေ။ ထို့ကြောင့် မှန်ကန်သည့် အပူချိန် ပေးရန်မှာ အဓိကဖြစ်သည်။

မီးပြင်းသွားပါက တူးသွားနိုင်ပြီး မီးနည်းသွားပါက ငရုတ်သီးများက မွှေးကြိုင်ပြီး ကြွပ်ရွတော့မည် မဟုတ်ပေ။

ထို့အပြင် ပဲငံပြာရည် အကြည်နှင့် စပ်ထားသော အနှစ်ရည်ကို အချိန်ကိုက် လောင်းထည့်ရမည် ဖြစ်သည်။

ကျင့်ရီပေါ်က ထိုအဆင့်များတွင် အောင်မြင်ခဲ့သော်လည်း အရသာပိုင်းတွင် ပြဿနာ ရှိသွားခဲ့၏။

ဆုယောင်က သက်ပြင်းကို ချကာ လျင်လျင်မြန်မြန် လှုပ်ရှားလိုက်သည်။

ကင်မရာထဲတွင် ဆုယောင်၏ လှုပ်ရှားမှုများနှင့် ကိုယ်နေဟန်ထားက ကျွမ်းကျင် စာဖိုမှူးတစ်ယောက်၏ ပုံစံဖြစ်နေခဲ့သည်။

သို့သော် လက်များကမူ နူးညံ့ပြီး ဖွေးဥကာ လှပနေသည်။

ဓားကိုင်သည့် အချိန်တွင် ထိုလှပသော လက်များက ဓားနှင့် တစ်သားတည်း ဖြစ်နေခဲ့သည်။

ထို့နောက် အိုးကို မီးဖိုပေါ်တင်ကာ မီးအနည်းငယ်ဖြင့် စတင်အပူပေးလိုက်သည်။

ငရုတ်သီးများက ဆီပူထဲတွင် အရောင်ပြောင်းသွားသောအခါ မွှေးရနံ့က ရိုက်ကွင်းတစ်ခုလုံးကို ပျံ့လွင့်လာခဲ့၏။

ဒိုင်လူကြီးများနှင့် ရိုက်ကူးရေး အဖွဲ့သားများက ဆုယောင်၏ အစွမ်းအစကို သိနေသဖြင့် ဟင်းမကျက်ခင်ကပင် တံတွေးများ မြိုချနေတော့သည်။

ပရိသတ်များကမူ ဆုယောင်၏ အကြောင်းကို မသိကြသဖြင့် စင်အောက်မှ ကြည့်ကာ တီးတိုးပြောဆိုနေကြတော့သည်။

"ဒီအစီအစဉ်က ဘယ်လိုကြီးလဲ။ ဘာလို့ ဒိုင်က ဟင်းထချက်နေတာလဲ"

"ဟန်ပြလုပ်တာနေမှာပေါ့"

"ကြည့်ရတာ နောက်ကွယ်မှာတော့ ဆရာတစ်ယောက် ရှိမယ် ထင်တယ်"

"ဘာပဲဖြစ်ဖြစ် ဒိုင်က ဒိီလိုမျိုး ဟင်းထချက်တာကိုတော့ တစ်ခါမှ မမြင်ဖူးသေးဘူး"

"ဒါပေမယ့် သူ့ကို မစ္စတာ စုန့်ရန်က ခေါ်ထားတာတဲ့"

.....


ပရိသတ်နှင့် မနီးမဝေးတွင် ထိုင်နေသော စုန့်ရန်က တီးတိုးစကားများကို ကြားနေရသည်။

ထို့ကြောင့် ဆုယောင်၏ လက်များကို လှမ်းကြည့်လိုက်သောအခါ အမှန်တကယ်ပင် ဖြူဖွေးပြီး ဒဏ်ရာ မရှိကြောင်းကို တွေ့လိုက်ရသည်။

"ဟင်၊ ဒီလက်က မကြာခဏ ဟင်းချက်တဲ့လက်နဲ့လည်း မတူဘူး"

စုန့်ရန်အတွေးများနေချိန်၌ ဆုယောင်က ဟင်းပွဲကျက်သွားပြီသဖြင့် အိုးထဲမှ ပန်းကန်ထဲသို့ ပြောင်းထည့်လိုက်သည်။

"အားလုံးပဲ မြည်းကြည့်ကြပါဦး"

ဆုယောင်က ဟင်းပွဲကို ယူလာကာ စုန့်ရန်၏ အရှေ့တွင် ချပေးလိုက်သည်။

စုန့်ရန်၏ ရောင်နေသော နှုတ်ခမ်းကို တွေ့သွားသော‌အခါ ဆုယောင်က အနည်းငယ် ပြုံးမိသွားသည်။

စုန့်ရန်က ဆုယောင်၏ အမဲသား အစပ်ခြောက်ကြော်ကို စားပြီးသည့်နောက်ပိုင်း အစပ် အရသာကို ခံတွင်းတွေ့သွားခဲ့သည်။

ထို့ကြောင့် ပထမ ပွဲစဉ်၌ စီချွမ် ရိုးရာ အစားအစာများတွင် ကျွမ်းကျင်သော ပြိုင်ပွဲဝင် နှစ်ယောက်ကို အရင် ပြိုင်ခိုင်းခဲ့၏။

သို့သော် ကံမကောင်းဘဲ နှစ်ယောက်လုံး၏ လက်ရာက စုန့်ရန်၏ စိတ်ကို ကျေနပ်အောင် မလုပ်နိုင်ခဲ့ပေ။

ဒိုင်လူကြီးများက ဆုယောင်၏ ဟင်းပွဲကိုသာ အာရုံစိုက်နေကြသဖြင့် ဆုယောင်၏ အပြုံးကို သတိမထားမိကြပေ။

ထိုသူတို့က လက်ကိုဆန့်ထုတ်ကာ တူကိုယူပြီး ဆုယောင်၏ ဟင်းပွဲကို မြည်းရန်သာ စိတ်အား
ထက်သန်နေကြသည်။

စုန့်ရန်က အရင်ဆုံး လျင်မြန်စွာ လှုပ်ရှားလိုက်ပြီး ဟင်းပွဲ တစ်ဝက်ခန့်ကို သူ၏ ပန်းကန်ထဲသို့ ယူထည့်လိုက်သည်။

ကျန်သူများကလည်း အကုန်ယူလိုက်ကြသဖြင့် ပန်းကန်ထဲတွင် ငရုတ်သီးများနှင့် ကြက်သား တစ်ဖတ်သာ ကျန်တော့သည်။

အနားမှ ရပ်ကြည့်နေသော ကျင့်ရီပေါ်ကမူ အံ့ဩနေသော အမူအယာ ဖြစ်နေခဲ့၏။

သူ့ကို မြည်းကြည့်ရန် ချက်ခိုင်းမည်ဟု ပြောပြီး ဒိုင်လူကြီးများသာ မြည်းနေကာ ကျန်ပင် မကျန်တော့သဖြင့် ကျင့်ရီပေါ်က အံ့အားသင့်‌နေတော့သည်။

အထူးသဖြင့် ချေးများပြီး အပြောကြမ်းသော စုန့်ရန်က တစ်ဝက်ခန့်ပင် ယူစားနေသဖြင့် ပို၍ အံ့အားသင့်နေတော့သည်။

ဆုယောင်က ကျင့်ရီပေါ်ကို မြင်သွားသောအခါ ကျင့်ရီပေါ်အတွက် သီးသန့်ဖယ်ထားသော ပန်းကန်လုံးကို ယူလာကာ လှမ်းပေးလိုက်ပြီး "ရှင်က အငံတွေပဲ စားထားတာဆိုတော့ ရှင့်အတွက်တော့ ခံတွင်းတွေ့မယ် မထင်ဘူး" ဟုကပ်ပြောလိုက်သည်။

"ကျေးဇူးပါ၊ ဒိုင်လူကြီး ဆု"

ကျင့်ရီပေါ်က ပန်းကန်ထဲရှိ အသားဖတ်များကို ကြည့်ကာ တူကိုကိုင်ပြီး ပထမ တစ်ဖတ်ကို ယူစားလိုက်သည်။

သို့သော် သူ၏ ပါးစပ်ထဲတွင် အရသာ မရှိပေ။ နှစ်တုံး၊ သုံးတုံး ယူစားလိုက်သော်လည်း အစပ် အရသာမှ လွဲ၍ အခြားအရသာ မရခဲ့ပေ။

ကျင့်ရီပေါ်က ခေါင်းခါကာ အရသာ မရှိသည့် ပုံစံမျိုး လုပ်နေသဖြင့် ဆုယောင်က သူမကိုယ်တိုင် ကြက်သား နှစ်တုံး ယူစားလိုက်သောအခါ မျက်လုံးကို မှေးပြီး ပြုံးကာ အရသာ ခံစားနေတော့သည်။

ကျင့်ရီပေါ်က သူမ စားနေသည့် ပုံစံကို ကြည့်ပြီး တခြားသူများကို လှည့်ကြည့်လိုက်သောအခါ ကျန်
သူများကလည်း အရသာကို နှစ်ခြိုက်စွာ စားနေသည့်ပုံစံ ဖြစ်နေကြသည်။

အထူးသဖြင့် စုန့်ရန်ကို ကြည့်လိုက်သောအခါ အလွန်အမင်း ကျေနပ်နှစ်ခြိုက်နေသည့် ပုံစံမျိုး ဖြစ်နေခဲ့သည်။

နှုတ်မှ လိမ်ညာလှည့်ဖျား‌နိုင်သော်လည်း အမူအယာကမူ လိမ်ညာ လှည့်ဖျား၍ မရနိုင်ပေ။

ထိုအခါမှ ကျင့်ရီပေါ်က သူ၏ အရသာခံ အာရုံတွင် ပြဿနာ ရှိနေကြောင်းကို သိသွားကာ "ကျွန်တော် ပုံမှန် အရသာ ပြန်ရအောင် ဘယ်လိုလုပ်ရမလဲဟင်။ ကျွန်တော်က ငယ်လည်း ငယ်သေးတယ်။ ကိုယ်ပိုင် စားသောက်ဆိုင်လေး ဖွင့်နိုင်ဖို့ကိုလည်း ကြိုးစားနေတာ။ ဒါပေမယ့် အခုတော့ ကျွန်တော့် လက်ရာက ပုံမှန်လူတွေ မစားနိုင်တဲ့ လက်ရာဖြစ်နေတယ်။ အရသာ ကောင်းကောင်း မခံနိုင်တဲ့ စာဖိုမှူးက အရသာကောင်းတဲ့ ဟင်းတစ်ခွက်ကို ချက်နိုင်ပါ့မလားဟင်" ဟု ဆုယောင်ကို စိတ်ပူစွာ မေးမြန်းလိုက်သည်။

"ရတာပေါ့။ ရှင်သာ ပေါ့တဲ့ အစားအသောက်တွေကို ပုံမှန် စားပေးမယ်ဆို ပုံမှန်ပြန်ဖြစ်လာလိမ့်မယ်။ အစပ်နဲ့ အငံတွေကို လျှော့စား"

ဆုယောင်က အရသာပိုင်းနှင့် ပတ်သက်သည့် ပြဿနာကို ခံစားခဲ့ဖူးသည့်အတွက် လုပ်ရမည့် ကိစ္စကို ကောင်းကောင်း သိနေခဲ့သည်။

ဆုယောင်၏ အားပေးစကားကြောင့် ကျင့်ရီပေါ်က ကျေးဇူးတင်စကား အကျယ်ကြီးဆိုကာ သူ၏ ကြက်သား အစပ်ဟင်း ပန်းကန်ကို ယူပြီး စင်ပေါ်မှ ဆင်းသွားတော့၏။

ထို့နောက် စင်နောက်ရှိ ပြိုင်ပွဲဝင် လုပ်ဖော်ကိုင်ဖက်များကို မြည်းခိုင်းကာ အကြံဉာဏ်များ တောင်းခံလိုက်သည်။

ဟင်းချက်ပြိုင်ပွဲ အစီအစဉ်မှာ ဒိုင်များအတွက် ဟင်းပွဲကောင်းမည်၊ မကောင်းမည်ကို မသိနိုင်သဖြင့် လောင်းကြေးထပ်ရသော ကိစ္စဖြစ်သည်။

ပရိသတ်များအတွက်ကမူ ကြည့်ရုံသာကြည့်ပြီး မ
မြည်းရသဖြင့် အနှိပ်စက်ခံနေရသကဲ့သို့ ဖြစ်နေခဲ့၏။

ဆုယောင်က သူမ၏ ဟင်းချက်စွမ်းရည်ကို ဤအစိီအစဉ်တွင် ပြသခဲ့သည်မှာ နှစ်ကြိမ်မြောက် ရှိပြီဖြစ်သည်။

ဒါရိုက်တာက အချက်ပြလိုက်သောအခါ အစီအစဉ် တင်ဆက်သူက ဆုယောင်ဆီသို့ လျှောက်သွားပြီး "အားလုံးလည်း ဒီက ကျွန်တော်တို့ရဲ့ ဒိုင်လူကြီး ဆုရဲ့ သတင်းတွေကို ကြားဖူးပြီးလောက်မှာပါ။ မှန်လား၊ မှားလားဆိုတာ မသိသေးပေမယ့် ဒိုင်လူကြီးဆုရဲ့ ချက်ပြုတ်တဲ့ စွမ်းရည်ကတော့ အားလုံးလည်း မြင်တဲ့အတိုင်းပဲနော်။ ဒိုင်လူကြီး ဆုက ငယ်ငယ်ကတည်းက မီးဖိုခန်းထဲ ဝင်ခဲ့ရတာလား" ဟုမေးမြန်းလိုက်သည်။

ယခုလက်ရှိ ဆုယောင်ကမူ ငယ်စဉ်ကတည်းက မီးဖိုခန်းထဲ ဝင်ခဲ့ရသည်မှာ အမှန်ဖြစ်သော်လည်း နဂိုမူလ ဆုယောင်ကမူ ပိုက်ဆံများများ ရှာနိုင်ရန်အတွက် ခန္ဓာကိုယ်ကို ဂရုတစိုက် စောင့်ရှောက်ခဲ့သူ ဖြစ်သည်။

ဆုယောင်က မေးလာသော မေးခွန်း၏ အဓိပ္ပာယ်ကို သဘောပေါက်သွားသောအခါ အနားတွင် ရပ်ကြည့်နေသော ယန်ရိဖန်းကို လှမ်းကြည့်လိုက်ပြီး "ကျွန်မ အကြောင်း ပြောဆိုနေကြတာတွေက မှန်ပါတယ်။ ကျွန်မက ချမ်းသာတဲ့အိမ်က မမလေး မဟုတ်ပါဘူး။ ပြီးတော့ ကျွန်မ ဟင်းချက်တတ်အောင်လို့ ငယ်ငယ်ကတည်းက အရမ်းကို လေ့ကျင့်ခဲ့ရတာပါ။ ကျွန်မ ချက်ထားတဲ့ ဟင်းတွေကို မြည်းရလွန်းလို့ အရသာပျောက်သွားတဲ့ အထိတောင် ဖြစ်ဖူးသေးတယ်။ ဟင်းချက်လက်ရာ ကောင်းတဲ့ နောက်ကွယ်မှာလည်း ခံစားရတာလေးတွေတော့ ရှိတာပေါ့ရှင်" ဟု ရယ်မောပြီး ပြန်ဖြေလိုက်သည်။

ထို့နောက် "ကျွန်မ ခုလို ဒီအစီအစဉ်မှာ ပါဝင်ပြီး ဟင်းတွေ မြည်းစမ်းခွင့် ရတဲ့အတွက်လည်း ဒီကတာဝန်ရှိသူတွေ အကုန်လုံးကို ကျေးဇူးတင်ပါတယ်။ ဒါပေမယ့် တစ်ခုတော့ ရှိတယ်နော်။ ကျွန်မရဲ့ ပါးစပ်က နာမည်ကြီး ပါးစပ်ဆိုတော့ နောက်ထပ် ပြိုင်မယ့် ပြိုင်ပွဲဝင်တွေ အမှားမလုပ်မိစေနဲ့နော်။ ကျွန်မက အမှားသေးသေးလေးကိုတောင် သိနိုင်တယ်" ဟု ရယ်မောကာ ပြောဆိုလိုက်သည်။

ဆုယောင်က စကားစကို ဖြတ်ပစ်လိုက်သဖြင့် အစီအစဉ် တင်ဆက်သူက ဆက်မမေးတော့ချေ။

ရိုက်ကွင်းထဲတွင် ရှိနေသော လူအများစုကလည်း ဆုယောင်ကို သနားနေသည့် အကြည့်များဖြင့် ဝိုင်းကြည့်ကြတော့သည်။

ဘေးနားတွင် ထိုင်နေသော စုန့်ရန်က ဆုယောင်၏ ရေဘူးမှာ ကုန်တော့မည် ဖြစ်ကြောင်း တွေ့လိုက်သဖြင့် ရေဘူး အသစ်ကို လဲပေးလိုက်ကာ "တကယ်လို့ အနုပညာ အလုပ်တွေ ဆက်မလုပ်ဖြစ်တော့ရင် ကျွန်တော့်ဆီမှာ သီးသန့် စာဖိုမှူး လာလုပ်လို့ရတယ်။ လစာ ကောင်းကောင်းပေးမယ်" ဟုပြောလိုက်သည်။

ဘေးနားတွင် ရပ်ကြည့်နေသော ရန်ယိဖန်းက ထိုစကားများကို ကြားလိုက်သောအခါ စိတ်တိုစွာဖြင့် ရယ်မောလိုက်တော့သည်။


...…….................................
.........................................


အပိုင်း (၁၁) ပြီးပါပြီ။

ငါလေးရဲ့ဟင်းချက်စကေးကိုကြည့်လိုက်စမ်း Where stories live. Discover now