1.4K 63 3
                                        

"သူခိုးဟေ့!!သူခိုး!"

မီးတုတ်များမှ လာသည့် အလင်းရောင်ကား ညဉ့်အမှောင်ကို ဖြိုခွင်းပစ်လိုက်သည်။
အုတ်အော် သောင်း‌နင်းဖြစ်နေသည့် ထိုလူအုပ်ကြီး၏ ဦးတည်ရာကား ရွာအပြင်ဘက်သို့သာ...

"ဒီလမ်းပေါ် တက်သွားတာ သေချာတယ်။လူခွဲပြီး ရှာကြ"

အသက်ကြီးပြီး မာန်ပြင်းသော ယောက်ျားကြီးတစ်ယောက်က သူ့နောက်မှာ ပါလာသည့်
ရွာသားတွေကို ဆော်ဩလိုက်သည်။အားလုံးက ထိုသူ့စကားကို နာခံစွာ တောလမ်းလေး
တည့်တည့် သွားသည့်လူကသွား၊ဘေးနှစ်ဖက်ကို ခွဲထွက်သည့်လူက ခွဲထွက်နှင့် သူခိုးဆိုသူကို
လိုက်ရှာကြတော့၏။

ညဆယ့်တစ်နာရီကျော်လောက် ရှိပြီဖြစ်တာမို့ ပတ်ဝန်းကျင်ကား တိတ်ဆိတ်လွန်းသည်။
ပြာသိုလ၏ အေးစက်မှုကြားထဲမှာ လယ်တောထဲမှ အကောင်ပလောင်များ၏
‌ဆူညံသံနှင့် ရိုးပြတ်တွေကို ဖြတ်နင်းသော သူတို့ခြေသံများမှလွဲ ကျန်တာ ဘာသံမှမကြားရ။
နှင်းတွေ ထူပိတ်နေတာကြောင့် ပတ်ဝန်းကျင် မြင်ကွင်းကလည်း မထင်ရှားပေ။

"မျက်ခြေပြတ်သွားပြီကွာ!တောက်"

တစ်စုံတစ်ယောက်က ကြိတ်မနိုင်ခဲမရနှင့် တောက်ခေါက်၏။ကျန်လူများသည်လည်း
မီးတုတ်၏ အကူအညီကိုယူကာ ဘေးဘီဝေ့ကြည့်နေသေးပေမဲ့ မျက်စိမျက်နှာတွေ ပျက်နေကြပြီ။

"ကျုပ်အိမ်က ရွှေတွေ ကုန်တာပဲဗျာ။အမေဆန်အိုးထဲ ထည့်ဖွက်ထားတဲ့ ပိုက်ဆံနှစ်ရာလည်း
ပါသွားသေးတယ်။စပါးပေါ်လို့ ရသမျှတွေ တစ်ခုမှ မရှိတော့ဘူး။"

"ကျုပ်အိမ်ကိုလည်း ခိုးသွားတယ်ဗျ။ဒီသူခိုးကို ‌မိမှဖြစ်မယ်။မဟုတ်ရင် ကိုသိန်းမောင်ရော
ကျုပ်ပါ တစ်ရာသီလုံး အငတ်နေရတော့မှာ"

အားလုံးသည် တက်ညီလက်ညီပင် သူခိုးကိုရှာဖွေဖို့ ရှေ့ဆက်သွားကြ၏။ညာဘက်ကို
ခွဲထွက်ခဲ့သူတွေကတော့ လမ်းကြောအတိုင်းမဟုတ်တော့ဘဲ လယ်ထဲတွေကနေ ဖြတ်သွားနေရသည်။တဖြည်းဖြည်းနဲ့ အချိန်တွေ လင့်လာချေပြီ။

သန်းခေါင်ယံရောက်လာသည်နှင့် သူတို့သည်လည်း ရွာနှင့် တဖြည်းဖြည်းဝေးသည့်နေရာမှာ
ရှိနေရလေပြီ။အခုထိ သူခိုး၏ အရိပ်အခြည်ကို မတွေ့တော့ နည်းနည်းစိတ်ဓာတ်ကျလာကြ၏။
ဒီလောက်ကွင်းပြောင်ကြီးထဲမှာတောင် လူတစ်ယောက်လုံးကို မတွေ့ရင် သူခိုးက သူတို့ဘက်ခြမ်းမှာ
လုံးဝမဖြစ်နိုင်တော့။

What Are You Doing?Donde viven las historias. Descúbrelo ahora