76 - 80

287 18 0
                                    

တာအိုဖခင်
အပိုင်း ၇၆

           
          လင်းတျောက်ချင် နဲ့ကောင်းယု နှစ်ယောက်သား တဖြည်းဖြည်းနဲ့ လင်းမန်ရှင်း ကို ပြန်လျှောက် လာကြတယ်။ အိမ်နားကိုရောက်လာတဲ့အခါ ဝိဉာဥ်စွမ်းအင် တွေ လင်းမန်ရှင်း တစ်ခုလုံးကို ယှက်ဖြာဖုံးအုပ်ထားတာကို တွေ့လိုက်ရတယ်။
      ကောင်းယု အံ့အားတသင့်နဲ့ လင်းတျောက်ချင် ကိုပြန်ကြည့်လိုက်တယ်။
     "သခင်လေး.... ဒါက"
      "ကြည့်ရတာ ငါမရှိတုန်း ဧည့်သည် တစ်ယောက်ယောက် တော့ အိမ်ကို လာလည်တယ် ထင်တယ်"
     လင်းတျောက်ချင် ရေရွတ်လိုက်ပြီး အိမ်ထဲကို ဝင်လိုက်တယ်။ လက်ကိုဝှေ့ယမ်းလိုက်ပြီး သူ့ခြေလှမ်းအတိုင်း အနောက်ကနေ လိုက်လာဖို့ ကောင်းယုကို ပြောလိုက်တယ်။    
        ကောင်းယု အံ့သြမှု အပြည့်၊ စူးစမ်းမှုအပြည့်နဲ့ နောက်ကနေ တပ်ကြပ်မကွာ လိုက်လာခဲ့လိုက်တယ်။ လင်းတျောက်ချင် ဘာလို့ သူ့အိမ်က လုံခြုံတယ်လို့ ကျိန်းသေပေါက် ပြောလဲ သိချင်နေတာလည်း ပါတယ်လေ။  
      လင်းမန်ရှင်းထဲက လူတွေအကုန်လုံး မလှုပ်နိုင်ဘဲ တောင့်နေကြတာကို ကောင်းယု တွေ့လိုက်ရတယ်။ ရည်ရွယ်ချက်အမျိုးမျိုး၊ ဟန်အမျိုးမျိုးနဲ့ လိုရာကို လှုပ်ရှားမယ့် တန်းလန်းကြီးတွေနဲ့ ကျောက်ရုပ်လို မလှုပ်မယှက်ရှိနေကြတယ်။ လျှောက်လမ်းမှာ ပျင်းပျင်းနဲ့ ထိုင်နေတဲ့ လင်းရိုရှန်း တစ်ယောက်ကတော့ လှုပ်ရှားနိုင်တာကို တွေ့လိုက်ရပြန်တယ်။
      ဘာတွေ ဘယ်လို ဖြစ်သွားကြ တာပါလိမ့်။
    "တခြားသူတွေရော...... "
   လင်းတျောက်ချင် သားဖြစ်သူကို မေးလိုက်တယ်။
သူ့အဖေပြန်လာတာကို မြင်လိုက်တာနဲ့ လင်းရိုရှန်း ချက်ချင်း မတ်တပ်ထရပ်လိုက်တယ်။
    "ဝမ်ကျင်းတို့အကုန်လုံး အိပ်ကုန်ကြပြီ အဖေ"
     လင်းတျောက်ချင် ခေါင်းကိုရမ်းလိုက်တယ်။
     "ဒီကလေးတွေကတော့... တကယ့်ကို ရည်မှန်းချက် ကြီးကြတာပဲ။  ကဲထားပါ။ မင်းလည်း အခုသွားအိပ်တော့ သွား"
     လင်းတျောက်ချင် ရွှေရောင်ပြားလေးကို လုပ်စရာရှိတာ လုပ်လိုက်ပြီးတာနဲ့ လင်းရိုရှန်း လက်ထဲ ပြန်ထည့်ပေးလိုက်တယ်။ ပြီးတာနဲ့ အိပ်ခန်းကို ပြန်စေလိုက်တယ်။
       ဆက်ပြီးတော့ လင်းမိသားစု ကလူတွေကို ပုံမှန်ပြန်ဖြစ်အောင် လုပ်လိုက်တယ်။
    "ကဲ အခု အိပ်ချိန်တန်ပြီ။ အားလုံး ကိုယ့်အခန်းကို ပြန်ကြမယ်"
    အရိပ်မဲ့ တောင့်နေတဲ့ လူခုနစ်ယောက် ကိုကြည့်လိုက်တယ်။ အရင်တစ်ခေါက်တုန်းက သူလည်း ဒီလိုမျိုး အကြာကြီး အချုပ်မိနေခဲ့တာ မဟုတ်လား။ ဘယ်လိုချုပ်ထားလဲဆိုတာကိုတော့ အခုထိ နားမလည်နိုင်သေးပါ။
      "သခင်လေး     ဘာတွေဖြစ်သွားတာလဲဟင်။ ကျွန်မ အိမ်ထဲကို လူတွေဝင်လာတာ သိလိုက်ရုံပဲရှိသေးတယ်။ ရုတ်တရက်ကြီး လှုပ်လို့မရတော့ဘူး။ ကွက်လပ်ကြီးမှာများ တစ်ခုခုဖြစ်သွားသေးလား"
     လျို့ဖန်ဖန်း အပူတပြင်းနဲ့ မေးလိုက်တယ်။
   "ဘာမှ ကြီးကြီးမားမား မဟုတ်ပါဘူး။  အိပ်ချိန်ရောက်ပြီဆိုတော့ မင်းလည်းပြန်အိပ်တော့လေ"
     လျို့ဖန်ဖန်း ချက်ချင်းပဲ အကြံတစ်ခုရလိုက်တယ်။ မိန်းမမာယာအတိုင်း ကြောက်ရွံ့တဲ့ပုံ လုပ်ပြလိုက်တယ်။
     "သခင်လေး ကျွန်မဒီည နည်းနည်းကြောက်နေလို့ အတူလာအိပ်လို့ရမလား"
      "မင်းက ကလေးတွေလောက်တောင် သတ္တိမရှိဘူးပဲ..."
   ပြောမယ့်သာ ပြောလိုက်ပေမဲ့ လင်းတျောက်ချင် ခေါင်းတော့ ညိမ့်ပြလိုက်တယ်။
   ကောင်းယု လင်းတျောက်ချင် ကို မချိပြုံးနဲ့ ပြန်ကြည့်လိုက်တယ်။ ပြီးတာနဲ့ ဘာမှဝင် မပြောဘဲ အိပ်ခန်းကို တန်းပြန်လာလိုက်တယ်။
     လျို့ဖန်ဖန်း အနေနဲ့ကတော့ ဘယ်လိုဆွဲဆောင်နည်းကမှ လင်းတျောက်ချင် အတွက် အလုပ်မလုပ်ဘူးဆိုတာကို သိပေမဲ့လည်း သူတို့ကြားက သံယောဇဥ် ကိုတော့ ပိုနက်ရှိုင်းအောင် လုပ်ချင်နေခဲ့တယ်လေ။ အဲ့တော့ အခွင့်အရေးမှန်သမျှ လက်ပိုက်ကြည့်နေလို့ ဘယ်ဖြစ်ပါ့မလဲ။
     လင်းတျောက်ချင် နဲ့နီးနီးကပ်ကပ် အိပ်လိုက်ရတဲ့အခါ နှလုံသားတွေ နွေးထွေးလာခဲ့ပြီး လျို့ဖန်ဖန်း ခဏလေးအတွင်း စိတ်ချလက်ချ အိပ်ပျော်သွားခဲ့တယ်။
     အကြံချင်းတူ ရန်သူမှတ်ရမယ့် မီလိုင်ကတော့ မီ အိမ်တော်မှာ ဘာအကြောင်းပြချက်မှ မရှိဘဲနဲ့ အိပ်လို့မပျော် ဖြစ်နေခဲ့တယ်။
     လင်းအိမ်တော်ထဲမှာ နေဖို့ သူ့အဖေလွှတ်ကတည်းကသာ လက်ဦးမှု ယူခဲ့မယ်ဆိုရင် ဒီလို ကိုယ်လုပ်တော် လောက်နဲ့တော့ အဆုံးသတ်ရမှာ မဟုတ်လောက်ဘူး။ ဒါပေမဲ့ ဒီလောက်ကိုပဲ ကျေနပ်နေတာကလည်း သူ(မ)ကိုယ်တိုင်ပဲ မဟုတ်လား။
     မီလိုင် ညဥ့်နက်မှ အိပ်ပျော်သွားခဲ့တဲ့အတွက် နောက်တစ်နေ့မနက် နိုးလာချိန်မှာတော့ အတော်လေးကို နောက်ကျနေခဲ့ပြီ။ သူ(မ) ခပ်မြန်မြန် ထလိုက်ပြီး ပျာလိုက်တယ်။
     "ပြင်ခိုင်းထားတဲ့ ပစ္စည်းတွေ အကုန်ပြင်ပြီးပြီလား"
    မီဒူအို ဝင်ပြောလိုက်တယ်။
  "အကုန် အဆင်သင့်ပဲ။ အခုတော့ ငါမင်းအတွက် ပူစရာ မလိုလောက်တော့ဘူး"
   သိုလှောင်အိတ်ကို မီလိုင်ဆီ ကမ်းပေးလိုက်တယ်။ အထဲမှာ ကလေးတွေအကုန်လုံး အတွက် အဝတ်အစားတွေရယ်၊ သူတို့ကြိုက်တဲ့ အစားအစာတွေရယ် ပြီးတော့ လက်ဝတ်လက်စားတစ်ချို့နဲ့ အိမ်သားတွေအတွက် လက်ဆောင်တွေ အကုန်အစုံ ပါတယ်။
     ကလေးတွေရဲ့ အသိအမှတ်ပြု ခံရတာက သူ(မ)အတွက် အရေးကြီးဆုံး ပဲလေ။ မီလိုင် ချက်ချင်းပဲ အိမ်ကနေ ထွက်ခွာမလို့ လုပ်လိုက်တယ်။ အဲ့အချိန်မှာပဲ မီလိုင်ရဲ့ အမေဖြစ်တဲ့သူ ပြေးထွက်လာခဲ့တယ်။
     "ဒီကလေး သူ့အခန်းထဲက ပစ္စည်းတွေအကုန် ရှင်းလင်းသွားတယ်ဆိုတော့ နောက်ထပ် အိမ်ကို ပြန်မလာတော့ဘူး ဆိုတဲ့သဘောလား"
     မီဒူအို ခဏလောက် ငြိမ်နေလိုက်ပြီးမှ ပေါင်ကို လက်ဝါးနဲ့ရိုက်ချလိုက်တယ်။ 
      "သူက ဘာအတွက် ပြန်လာရဦးမှာလဲ။ သူ့ကို ငါတို့မပိုင်တော့ဘူးလေ။ မီလိုင် အဖေမင်းအတွက် ဂုဏ်ယူတယ် သိလား"
     "ရှင်....ကိုယ့်သမီးကို ဒီလိုပဲ ပေးသွားတော့မှာလား။ ဒါက သူ့အတွက် လက်ဆက်ပေးတာလား ဒါမှမဟုတ် ရောင်းစားလိုက်တာလား"
     မီဒူအို ကိုယ့်နှုတ်ခမ်းကို ပြန်ကိုက်လိုက်တယ်။
    "တရားဝင်ဇနီး အတွက်က နေရာရှိပြီးသားလေ။ ငါတို့မိသားစုရဲ့ အဆင့်အတန်းနဲ့ဆိုရင် ကိုယ်လုပ်တော် ဆိုတဲ့နေရာကလည်း ဆိုးလှတယ်တော့ မဟုတ်ဘူး။ ဒီလို အခွင့်အရေးမျိုးက တော်ရုံလူ အနားကပ်လို့ရမှာ မဟုတ်ဘူးကွ"
     မီဒူအိုရဲ့ ဇနီး စူးစူးရဲရဲ ပြန်ကြည့်လိုက်ပြီး ဘာတစ်ခွန်းမှ ဆက်မပြောတော့ဘူး။
    မီလိုင် ယူစရာရှိတာတွေယူပြီး လင်းမန်ရှင်း ကို ခြေကုန်ပြန်သုတ်လာခဲ့လိုက်တယ်။ လင်းမန်ရှင်းမှာတော့ ဆရာမတန် ရဲ့သင်ခန်းစာတောင် ပြီးနေခဲ့ပြီ။ တောင့်နေတဲ့ လူခုနစ်ယောက် ကိုတော့ မိုယုနဲ့အစောင့်တွေ ရှင်းပစ်လိုက်ကြတယ်။
     တစ်ဘက်ကလည်း တိတ်တဆိတ် လူတွေလွှတ်လိုက်သလို တစ်ဘက်ကလည်း တိတ်တဆိတ်ပဲ သတ်ပစ်လိုက်တယ်။ အကုန်လုံးက ဘာမှမဖြစ်ခဲ့သလို ပုံမှန်အနေအထားအတိုင်းပဲ လုပ်စရာရှိတာ ဆက်လုပ်နေလိုက်ကြတယ်။
      ဘာတွေဖြစ်ပျက်ခဲ့လဲ မသိလိုက်တဲ့ မီလိုင်တစ်ယောက် ကတော့ အိမ်ထဲကို ရောက်တယ်ဆို ပြင်ဆင်လာတဲ့အဝတ်တွေကို ထုတ်လိုက်တယ်။
    "ကဲ ခဏလောက် ရပ်လိုက်ကြပါဦး။ ရိုရှန်း ဒီမှာ မင်းအတွက် ဝတ်စုံ။ စမ်းဝတ်ကြည့်လိုက်ပါဦး။ မင်းတို့အကုန်လုံး အတွက် ပါတယ်နော်။ စစ်ယွန်းလေး ဒီမှာ အစ်မကြိုက်တဲ့ နို့သကြားလုံးတွေ မင်းအတွက် ဝယ်လာခဲ့တယ်။ ပြီးတော့ ဝမ်ကျင်း ဒီဝတ်စုံလေးက မလှဘူးလား။ အစ်မ မင်းအတွက် ဆံညှပ်လေးတွေလည်း ယူလာခဲ့တယ် ရော့"
    ကလေးတွေအကုန်လုံး သူတို့အဖေကို လှမ်းကြည့်လိုက်ကြပြီး အဝတ်အစားတွေကို ကောက်ကိုင်လိုက်ကြတယ်။
    မီလိုင် လင်းတျောက်ချင် ရှေ့ကိုလျှောက်သွားလိုက်တယ်။ လက်နှစ်ဖက်က အဝတ်တစ်စုံကို  ကိုင်ထားပြီး ပြောလိုက်တယ်။
    "သခင်လေး ကျွန်မ ရှင့်အတွက် အဝတ်ပြင်လာပေးတယ်။ ကျေးဇူးပြုပြီး လက်ခံပေးပါ"
    လင်းတျောက်ချင် ပြုံးပြီး  လှမ်းယူလိုက်တယ်။ မီလိုင် ရင်ထဲမှာ နွေးပြီး ပျော်သွားခဲ့တယ်။
     ပြီးတာနဲ့ ဘေးနားက လျို့ဖန်ဖန်း ဘက်ကိုလှည့်လိုက်တယ်။
    "ဒီက  သခင်မ။ ဒါက မီလိုင် ပြင်လာပေးတဲ့ ဝတ်စုံပဲ။ ကြိုက်မကြိုက် တစ်ချက်လောက် ကြည့်လိုက်ပါဦးနော်။ ပြီးတော့ ဒီဆွဲကြိုးလေးရောပဲ။ ရှင့်အသားက ဖြူတော့ ဒါနဲ့ကျိန်းသေလိုက်မှာပါ"
    လျို့ဖန်ဖန်း ကြောင်ပြီး မီလိုင်ကို ကြည့်နေလိုက်တယ်။
   "အစ်မ မီလိုင် အစ်မမှားနေပြီ။ ကျွန်မက သခင်လေးရဲ့ အစေခံပါ။ ဇနီးမဟုတ်ပါဘူး"
    "အိုးးးး"
   မီလိုင် အာမေဍိတ် ပြုလိုက်ပြီး ကြောင်သွားခဲ့တယ်။ ဒီလိုဆိုရင် လင်းတျောက်ချင် ပြောခဲ့တဲ့သူက သူ(မ) တစ်ခါမှ မမြင်ဖူးသေးတဲ့ အမျိုးသမီး တစ်ယောက်ပေါ့နော်။ ဘယ်လို မိန်းကလေးမျိုးဖြစ်မလဲ မီလိုင် သိချင်လာခဲ့တယ်။

တာအိုဖခင် ( လင်းတျောက်ချင် ) အတွဲ ၁Where stories live. Discover now