မနက် ၇နာရီကျော်လောက်မှာတော့ နှစ်ယောက်သား ဟိုတယ်ထမင်းစားခန်းဆီသို့ ရောက်လာခဲ့သည်။ ဘူဖေးခင်းကျင်းထားသော အစားအသောက်တွေဟာ အမျိုးအမည်စုံလှပေသည်။အင်းသားရိုးရာ ဟင်းတွေလည်း ပါသည်။ ထမင်းစားခန်းထဲမှာတော့ လူသိပ်မရှိပေ။ ဝန်ထမ်းတွေလည်း ညကပါတီမှာ အပြတ်ကဲပြီး  မထနိုင်ကြသေးသည်က ဖြစ်လောက်ပေသည်။

" ရော့ ကော်ဖီ  "

ဖျော်လာပေးသည့် ကော်ဖီခွက်ကို မိုးသောက်အရှေ့မှာချပေးလိုက်တော့ ပြုံးစစနဲ့ ဆိုလာသည်။

" မင်္ဂလာနံနက်ခင်းမှာပဲ အရင်က အရုဏ်ဦးလေး ပြန်လည် သက်ဆင်းလာခဲ့ပြီ  "

" ပေါက်တတ်ကရ စကားမများစမ်းနဲ့ စားစရာရှိတာစား  "

ပြောင်ချော်ချော်စကားတွေနဲ့ ပြောတတ်သည်က မိုးသောက်ရဲ့ အကျင့်တစ်ခုပင်။သည်ကောင်ဟာ သူတို့အုပ်စုရဲ့ King လည်းဖြစ်သလို  ရုပ်လေးနဲ့မှမလိုက် မျက်နှာအပြောင်တတ်ဆုံးသူလည်း ဖြစ်ခဲ့သည်။ ဆရာဝန်ကြီးဆိုသော ဂုဏ်သိက္ခာနဲ့အညီ တည်ငြိမ်နေရပေမယ့် အတွင်းစိတ်မှာ ဘယ်လောက် ပေါက်ကရတွေးနေသလဲ သူတို့သာ အသိဆုံးပင်။

" ဆရာမိုးသောက် ၊ ဆရာအရုဏ်  Morning ပါ  ဆရာတို့ စောစောနိုးသားပဲ  "

အဟွတ်...

ဆေးရုံမှ မန်နေဂျာက သူတို့နှစ်ယောက်ကို ရိုးရိုးသားသား နှုတ်ဆက်လာပေမယ့် ဆန်းဆန်းပြားပြားတွေးမိသွားသူ မိုးသောက်တစ်ယောက်ကတော့ သောက်လက်စ ကော်ဖီပင်သီးသွားလေသည်။

" ကျွန်တော်တို့ ညက အစောကြီးပြန်အိပ်လိုက်တာလေဗျာ  "

သူကတော့ ခပ်တည်တည်နဲ့သာပြန်ဖြေလိုက်သည်။ မန်နေဂျာက ခေါင်းတငြိမ့်ငြိမ့်နဲ့

" ဟုတ်လား အဲ့တာကြောင့် ညက ဆရာတို့ကို မတွေ့တာ  ဝန်ထမ်းတွေကတော့ ပျော်နေကြတာပဲဗျို့   "

မန်နေဂျာနှင့်ထွေရာလေးပါးပြောရင်းဆိုရင်း စားသောက်မှုက ပြီးစီးသွားသည်။

" ကဲ ဖြည်းဖြည်းစားနော် ကျွန်တော်တို့ အစာကြေအောင် လမ်းလျှောက်လိုက်ဦးမယ်  "

မောင့်ချယ်ရီ ဝေသောမြေ (Emergency Love Story)-Completed Where stories live. Discover now