ထင်ရှားကလည်း ရဝေသော်တစ်ခါမှ သူ့အပေါ်ဝန်မခံခဲ့ဘူးတာမို့ ငေးကြည့်ရင်းသာ တိတ်ဆိတ်နေ၏။ ရဝေသော်စကားတွေကို သူယုံကြည်တာများလား။ မဟုတ်ရင် လက်နက်ချလို့ ရင်ထဲလှစ်ဟာသွားတာများလား။

"ဒီနေ့ နင်တွေ့ခဲ့တဲ့သူက အလုပ်က လုပ်ဖော်ကိုင်ဖက်...ဒါပေမဲ့မကြာခင်တော့ ဆက်ဆံရေးပြောင်းမယ်ထင်တယ် သူဖွင့်ပြောတာ လက်ခံမလို့"

"ဘာ!.."

ထင်ရှားရင်ထဲ နှောက်ကျိမှုတို့က ပြန်ရောက်လာပြန်သည်။ သူဘာဖြစ်တာလဲ။ ရဝေသော်က ရည်းစားရတော့မယ်ပြောတာကို သူ့ရင်ထဲကတင်းကြပ်လာပြီး ဘာလို့ခံစားနေရတာလဲ။

"ရည်ရွယ်မွန် နေပြန်ကောင်းစေဖို့ဆုတောင်းပေးမယ် ရည်ရွယ်မွန် ဒီတစ်ခါတော့ကံကောင်းမှာပါ"

ရဝေသော်ကပြောစရှိတာပြောကာ ထင်ရှားလက်ထဲက ရုန်းထွက်ပြီး အပြင်ထွက်ဖို့ပြင်သည်။ သို့သော်အပြင်မရောက်သေးခင်မှာပဲ လက်ပြန်ဆွဲခံရကာ နှုတ်ခမ်းတစ်စုံက တစ်စုံတစ်ယောက်ရဲ့သိမ်းပိုက်ခြင်းကို ခံလိုက်ရသည်။

"အွန့်!.."

ထင်ရှားဘာလို့ နမ်းလိုက်မိလဲမသိပေမဲ့ တစ်ဖက်က ရုန်းကန်နေသူကို‌တော့ အလွှတ်မပေးမိခဲ့ဘဲ စိတ်အလိုလိုက်ကာ ရမ်းကားနေမိသည်။ ပထမဆုံးနမ်းဖူးတဲ့နှုတ်ခမ်းဆိုပေမဲ့ အကြိမ်ကြိမ်အခါခါနမ်းချင်နေမိတဲ့နှုတ်ခမ်းဆိုတာ သူကိုယ်တိုင်ပဲသိလိမ့်မည်။

သူ ရဝေသော်ကို ချစ်မိနေတာလား။

✿⁠............✿⁠...........✿⁠

အနှစ်ကို သူအတင်းအနိုင်ကျင့်ထားတာနဲ့ပတ်သတ်ပြီး မကျေသေး၍ မနက်‌နိုးလာတာနဲ့ သူနဲ့မျက်နှာချင်းမဆိုင်ဘဲ မေမေ့ဆီ သမီးလေးကိုခေါ်ကာထွက်လာခဲ့သည်။ အိမ်ကိုတော့ ဦးပုကို‌လိုက်ပို့ခိုင်းဖြစ်သည်။ သူမအခုထိ ကားမမောင်းတတ်သေး။

"ညီမလေး အစောကြီးပါလား"

သူမတို့ မေမေ့အိမ်ရောက်မှ ကိုကြီးကအခုမှထပြီး သွားတိုက်နေတုန်း။ အင်းလေ အခုမှ‌ခြောက်နာရီပဲရှိသေးတာကို။ မေမေကတော့ မီးဖိုချောင်ဝင်‌နေပြီဖြစ်သည်။ အသက်အရွယ်ရလာပြီမို့ အကူခေါ်ပါဆိုတော့လည်း မခေါ်ဘဲ လုပ်နိုင်သည်ဟုဆိုကာ လုပ်သည်။ ရှေးလူကြီးတွေက တစ်ခါတစ်ရံပြောရတာလက်ပေါက်ကတ်သည်။

နှလုံးသားနီးနီး...စည်းပါးပါး(Love And Pride)[Completed]Where stories live. Discover now