Chapter (25) စိတ်ထဲထောင်းခနဲ

7.4K 838 66
                                    


[Unicode]

Chapter (25)

စိတ်ထဲထောင်းခနဲ

ရှန်သိုက် အိမ်ပြန်၍ အဘွားကိုအဖော်ပြုရင်း နေ့လယ်စာတစ်နပ်စားလိုက်ပြီး ညနေတွင် သူ့ကိုတစ်ပါတည်းခေါ်ကာ အသစ်ဝယ်သောအိမ်ကို သွားကြည့်ဖြစ်သည်။

သူ ရိုးရှင်းသောအပြင်အဆင်ကို ကုမ္ပဏီတစ်ခုထံ အလုံးစုံအပ်နှံလိုက်ပြီး လဝက်လောက်ဆိုလျှင် ပြီးနိုင်မည်ဟု ကြိုတွက်ထားသည်။ နှစ်ယောက်သားသွားသောအချိန်သည် အလုပ်သမားများ အလုပ်လုပ်နေဆဲဖြစ်၏။ သူ အဘွားလက်ကိုဆွဲ၍ ထိုအခန်းသုံးခန်းပါတိုက်ခန်းကို အကြိမ်‌ရေများစွာ ပတ်ကြည့်ခဲ့ပြီး နှစ်ယောက်သား ဒီနေရာမှာ ဘာထားမည်၊ ဟိုနေရာမှာ ဘယ်လိုဆင်ယင်မည် ဆွေးနွေးနေလိုက်ကြသည်။ သူက ပစ္စည်းအများကြီးပါ ဝယ်ထားလိုက်သေးရာ ပြင်ဆင်ပြီးသည်နှင့် ပို့ထားလိုက်ဖို့သာ လိုတော့၏။ အဘွားခွဲစိတ်ပြီး ဆေးရုံကဆင်းသည်နှင့် နွေးထွေးသောအိမ်ဆီကို ပြန်နိုင်တော့မည်။

အဘွားက အလွန်အမင်းပျော်ရွှင်နေပြီး မျက်နှာပေါ်တွင် အနီရောင်အငွေ့အသက်ပင်ရှိနေသေးသည်။ အနာဂတ်အတွက် အစီအစဥ်ရေးဆွဲခြင်းထက် ဘယ်အရာကမှ လူကိုစိတ်လှုပ်ရှားတက်ကြွစေနိုင်မည်မဟုတ်။ ရှန်သိုက်ကတော့ အဘွားခွဲစိတ်မှုကိုရင်ဆိုင်ရန် သတ္တိရှိဖို့သာ မျှော်လင့်မိသည်။ အကြောင်းမှာကား ပိုမိုကောင်းမွန်သောဘဝက သူတို့ကို စောင့်စားနေသောကြောင့်ပင်။

အရင်တစ်ခါပြပွဲပြီးကတည်းက ကျိုးလန်က ရှန်သိုက်၏ တမင်တကာရှောင်ဖယ်နေမှုကို သတိထားမိပြီး သိပ်ပြီးလည်း တက်ကြွဖော်ရွေတာမျိုး မလုပ်ရဲပါလေ။ သို့ပေသည့် ရှန်သိုက်ကိုထမင်းယူပေးရန် အခွင့်အရေးတွေ့သည်နှင့် အမြဲတမ်းပထမဆုံးလုသွားလေ့ရှိ၏။ မူလကတည်းက ဂျူနီယာညီလေး ညီမလေးများက စီနီယာအစ်ကိုအစ်မများအတွက် ထမင်းယူပေးတတ်ကြသည်က သမရိုးကျပင်ဖြစ်သည့်အပြင် တစ်ယောက်တည်းအတွက်သာ ယူပေးတာမျိုးမဟုတ်သည့်အတွက် ရှန်သိုက်ငြင်းပယ်စရာအကြောင်းမရှိပါ။

Alpha Predator 《顶级掠食者》Myanmar TranslationWhere stories live. Discover now