ရိပေါ်က ပါမောက္ခရှောင်းလို့ရေးထားတဲ့ ကျွန်းတံခါးရှေ့ရပ်ရင်းက စိတ်လှုပ်ရှားလို့နေတယ်။ဒီအခန်းထဲဝင်တဲ့ ခြေတစ်လှမ်းဟာ ရှောင်းကျန့်ဘေး ရောက်သွားနိုင်သလို ရှောင်းကျန့်နဲ့အဝေးဆုံးလည်းဝေးသွားနိုင်သည်။
ရိပေါ်က သက်ပြင်းတစ်ချက်ရှိုက်ကာ ရှေ့ကတံခါးကိုခေါက်တယ်။တစ်ဆက်တည်းမှာအထဲကဝင်ခဲ့ဆိုတဲ့ တည်တည်ငြိမ်ငြိမ်အသံဟာထွက်ပေါ်လာတယ်။
ရိပေါ်ကတံခါးကိုဖြေးညင်းစွာဖွင့်ရင်းဝင်တယ်။သူဖွင့်မိတဲ့တံခါးဟာ အခန်းတံခါးလည်းဖြစ်သလို ဒီအမျိုးသားရဲ့နှလုံးသားတံခါးလည်းဖြစ်နေနိုင်တယ်။
ရွှေရောင်မျက်မှန်ကိုင်းနဲ့ ရှောင်းကျန့်ဟာ အခုတော့ ပါမောက္ခတစ်ယောက်ဆိုတာအထင်မှားဖွယ်မရှိ။
ရှောင်းကျန့်ဟာ စာရွက်တွေကြည့်နေရာက သူ့ကိုမြင်တဲ့အခါ လန့်သွားဟန်ရပေမယ့် ခဏသာ။တည်ငြိမ်တဲ့မျက်နှာအနေထားကိုချက်ချင်းပြောင်းလဲသွားတယ်။
"ဘာကိစ္စရှိလို့လဲ ကျောင်းသား။"
ရိပေါ်က ခေါင်းခါပြရင်းကရှောင်းကျန့်အရှေ့က ခုံမှာဝင်ထိုင်တယ်။သူ့အရှေ့ကအမျိုးသားကိုနင့်နင့်နဲနဲစိုက်ကြည့်မိတဲ့အခါ ရှောင်းကျန့်ကနေရခက်သလို မျက်နှာလွှဲသွားတယ်။
ထိုနေ့ကသာဖုန်းမကိုင်မိရင် ဒီပန်းပုရုပ်သဏ္ဍာန်အမျိုးသားဟာ လိင်တူချစ်ကြိုက်တာကြောင့် ကွာရှင်းခံထားရသူဆိုတာ ဘယ်လိုမှယုံနိုင်ဖွယ်မရှိ။
"ကျွန်တော့်ကိုကျေးဇူးတင်ဖို့ မေ့နေတာလား။"
ရှောင်းကျန့်ဟာ မျက်မှန်တွေကတဆင့်သူ့ကိုခပ်စူးစူးကြည့်တယ်။
"မင်းကိုကျေးဇူးတင်စရာမရှိဘူး။မင်းကသာ ငါ့ကိုတောင်းပန်ဖို့မေ့နေတာလား။"
ရိပေါ်က ဟက်ခနဲအသံထွက်ရယ်မိတယ်။အသက်အများကြီးကွာနေပေမယ့် ဒီလူ့ကသိပ်ကိုအူယားစရာပဲ။
"ခင်ဗျား ကိုယ့်ကိုယ်ကို ဂေးမှန်းသိရက်နဲ့ လက်ထပ်ခဲ့တာလား။လက်ထပ်ပြီးမှသိတာလား။"
ရှောင်းကျန့်က ရိပေါ်ရဲ့ဘောင်ကျော်တဲ့စကားတွေမှာ ရေးလတ်စဘောပင်ကို ခုံပေါ်အသံမြည်အောင်ဆောင့်ချတယ်။ရိပေါ်ကိုကြည့်နေတဲ့မျက်ဝန်းတွေဟာ အမဲလိုက်ခွေးတစ်ကောင် သားကောင်ကိုကိုက်ဖြတ်တော့မည့်ဟန်။
