"အနှစ်သာရ!"

"အနှစ်ဘက်က ကွာရှင်းဖို့ပြောခဲ့တာမေမေ...စက်ဝန်းအလွန်ကိုပြောလည်း အခြေအနေကပြောင်းလဲမှာမဟုတ်ဘူး"

"ညီမလေး ကိုကြီးကိုကြည့်! "

မင်းထက်က အနှစ်ပုခုံးနှစ်ဖက်ကို ညင်သာစွာဆုပ်ကိုင်ကာ ဖြေးဖြေးချင်းမေး၏။

"စက်ဝန်းနဲ့ဘာပြဿနာဖြစ်တာလဲ"

"သူနဲ့က ဘာမှမတိုက်ဆိုင်ဘူးကိုကြီး...သူ့ကိုချစ်လည်းမချစ်ဘူး အစကတည်းက အနှစ်တို့လက်ထပ်တာက ဂိမ်းတစ်ခုသာသာပဲ...အနှစ်တို့အပျော်သဘောနဲ့လက်ထပ်ခဲ့ကြတာ ဒါကြောင့်မေမေ အနှစ်ကို ကွာရှင်းခွင့်ပေးပါ"

"အနှစ်သာရ"

"မေမေလက်ထပ်ခိုင်းတုန်းက အနှစ်လက်ခံပေးခဲ့တယ် အနှစ်လက်မခံချင်တဲ့အခါ မေမေလည်းလက်ခံပေးပါ ကွာရှင်းခွင့်ပြုပါ"

အနှစ်ပြောစရာရှိတာပြောပြီး၍ ကိုယ့်အခန်းထဲကိုယ်ဝင်ခဲ့သည်။ မေမေက အမြဲတမ်းအနှစ်အခန်းကိုသန့်ရှင်းထားပုံရသည်။ အရာအားလုံးက သူ့နေရာနဲ့သူ သပ်သပ်ရပ်ရပ်ရှိနေ၏။ အနှစ်အခန်းထဲရောက်သည်နှင့် လော့ချပစ်ကာ အိပ်ယာဆီတောင်မသွားနိုင်ဘဲ တံခါးကိုသာမှီပြီး ထိုင်ချမိသည်။

မာန...‌မာနကိုကိုးကွယ်ပြီး ဆုံးဖြတ်ခဲ့သည့်ရလာဒ်က ခံစားရခက်လိုက်တာ။ ရင်ထဲလှစ်ဟာသွား၏။ တစ်ကယ်ပြီးဆုံးပြီဆိုတာ သိလိုက်ရတော့ ထင်သလောက်အဆင်မပြေဘူး။ အသည်းကွဲတယ်ဆိုတာ ဒါမျိုးခံစားချက်နေမယ်။ ထိုင်မရ၊ထမရ၊မအိပ်ချင်ဘဲ သူ့အကြောင်းတွေသာစိတ်ထဲဝင်လာတာ။

သူရော အခုချိန် ဘာတွေတွေးနေမလဲ။

✿⁠............✿⁠...........✿⁠

"တစ်ကယ်ပဲ မင်းတို့ပြန်အဆင်မပြေကြ‌တော့ဘူးလား တစ်ကယ်ကွာရှင်းမလို့လား"

အရင်ကရန်ဖြစ်ဖူးတာ တစ်လခွဲ‌ကြာပြီးမှ ပြန်အဆင်ပြေကြတာမို့ မင်းထက်က ကွာရှင်းမယ်ဆိုတာကို အခုထိမယုံကြည်သေး။ မေမေ့ကိုလည်းနှစ်ယောက်သားကိုပြန်ငြိပေးပါဦးမယ်လို့နားချထားရသည်။ ဒီအကြောင်းကို စက်ဝန်းမိဘတွေသိရင် သွေးတက်သွားနိုင်သည်။ စက်ဝန်းကလည်း ပြောထားပုံမရ။ မေမေကလည်းမပြောဖို့တားသည်။ အရင်ဆုံးအဆင်ပြေအောင်လုပ်ကြရအောင်တဲ့။ လုံးဝမပြေတော့ဘူးဆိုမှပြောပေါ့တဲ့။

နှလုံးသားနီးနီး...စည်းပါးပါး(Love And Pride)[Completed]Where stories live. Discover now