Part - 3 [Unicode]

1.1K 150 15
                                        

သူ့ရဲ့ တနေ့တာသည် အိမ်နှင့် ခြံထဲတွင်သာမို့ မနက်စာစားပီးသည်နှင့် ခြံထဲသို့ဆင်းလာခဲ့လိုက်သည် .. မကြာခင်တွင် မြန်မာ့နှစ်ကူး သင်္ကြန်အချိန် ရောက်တော့မည် .. တိုက်ခတ်လာသည့် လေညှင်းများထဲ မြေသင်းနံ့နှင့်အတူ ပန်းပိတောက်ရနံ့ကိုပါရလိုက်တာမို့ အကြည့်မျက်လုံးများက ခြံအပြင်သို့ရောက်သွားသည် .. သူတို့၏ ရှေ့ခြံတွင် ပိတောက်ပင်ကြီးရှိကာ မနေ့ညကမိုးအနည်းငယ်ရွာလိုက်တာမို့ ပိတောက်ပန်းများပွင့်ပီထင်သည် .. တပင်လုံးအဝါရောင်တွေဖုံးလွှမ်းနေသည်မှာ မျက်စိပဒါသရှိလှပီး ခြံရှင်မှ ပန်းများကိုခူးကာ အိမ်နီးချင်းတချို့ကိုမျှဝေနေတာတွေ့ရသည် .. ပတ်ဝန်းကျင်နှင့်သူသာ လုံးဝမသက်ဆိုင်သည့်အလား ဒါကသူ့ဘက်က ရှောင်ဖယ်တာမျိုးမဟုတ်ပဲ ပတ်ဝန်းကျင်ကသာ သူ့ကိုဖယ်ကျင်ထားကြခြင်းပင် .. မြို့အုပ်မင်း၏ ဒုတိယဇနီးအဖြစ် လေးစားခြင်းမရှိသည့်အပြင် နှာခေါင်းရှုံ့ပြောဆိုခြင်းများက သူ့နားထဲ အပြည့်အလျှံခံစားခဲ့ရပီးပီ .. ခံပြင်းသော်လဲ ဒေါသထွက်သော်လဲ သူကဘာများလုပ်နိုင်မှာလဲ .. ကိုယ်တိုင်ကနာနာကျင်ကျင်လက်ခံလိုက်ရသည့် ဘဝမှာ ဘယ်လိုပဲစိတ်ကိုမာအောင်ထားထား တခါတလေ ငိုမိစမြဲ ..သူနာကျင်ရသမျှ သူဝမ်းနည်းရသမျှ ဘယ်သူမှမမြင်‌အောင် သူနေပြခဲ့သည် .. ပန်းတွေတပွေ့တပိုက်နှင့် ရယ်မောနှုတ်ဆက်နေကြသည့် လူတွေဟာ သူရှင်သန်နေသည့်ကမ္ဘာမှမဟုတ်သည့်အတိုင်း ..သူနှင့်မသက်ဆိုင်သည့် ထိုမြင်ကွင်းဆီမှ ရှောင်ဖယ်ကာ သူ့ရဲ့နားခိုရာအရပ်ဆီသို့‌ထွက်လာခဲ့လိုက်သည် .. ထိုပုံရိပ်တွေကိုမမြင်ချင်လို့ ပန်းခြံကိုတောင် ခြံနောက်မှာတည်ခဲ့ခြင်းပေ ..

ဖွေးဖွေးဖြူနေသည့် ဇီဇဝါပွင့်များမှာ အပင်များကိုထိန်းသိမ်းတာတော်သည့်ကောင်မလေးရောက်လာမှ ပို၍အပွင့်သန်နေကြသည် .. ထုံကြိုင်နေသည့် ပန်းရနံ့များက သူ့စိတ်ကိုလန်းဆန်းသွားစေကာ ဟိုရက်ကမှ အပင်သစ်တွေထပ်စိုက်ထားတာမို့ ပန်းခြံလေးဟာပို၍ ဝေဆာနေသည် ..တခြားသော ပန်းအမျိုးစားတွေပါရှိသော်လဲ အများဆုံးကတော့ ဇီဇဝါပင်တွေသာဖြစ်သည် .. သို့သော် သူဟာဇီဇဝါပန်းတွေကိုသာကြိုက်ခဲ့သူမဟုတ်ပါ အရောင်စုံ ရနံ့စုံသည့် ပန်းတိုင်းကိုသူကြိုက်ခဲ့သည် .. သူ့ဘဝသည်လဲ ထိုအရောင်စုံပန်းတွေလို လှပစွာနေထိုင်ခဲ့ရသလို သူ၏ဂုဏ်သိက္ခာသည်လဲ ထိုပန်းရနံ့များလို မွှေးပျံ့ခဲ့သည် .. သို့သော် သူကိုယ်တိုင်ကလက်ခံဖို့ခက်ခဲလောက်အောင် သူ့ဘဝရဲ့ကံကြမ္မာအလှည့်ပြောင်းကကြမ်းတမ်းလှသည် .. နောက်ဆုံး သူ့ရဲ့အရောင်စုံလှပခဲ့သည့် မွှေးပျံ့ခဲ့သည့် ဘဝသည် နင်းချေခံလိုက်ရသည် .. အခုချိန် သူပိုင်ဆိုင်ရာဆိုလို့ လူအများရဲ့အတင်းဖျင်းစကား‌တွေကြား တနေ့တာခက်ခက်ခဲခဲအသက်ရှုနေရခြင်းသာ ..

အကြည်  [အၾကည္]Where stories live. Discover now