အညိုရောင် ကော်ဖီထုပ်သုံးလေးထုပ်ဟာ စာအုပ်စင်ထောင့်မှာ ပုန်းလျှိုးကွယ်လျှိုး နေရာယူလို့ထားလေသည်။ သည် ရွှေဆု တံဆိပ်ကော်ဖီကို အကြိုက်ဆုံးဟာ သူမှ လွဲ၍အခြားသူမရှိ။ ဆိုင်တိုင်းတွင် တင်ထားလေ့မရှိသော ကော်ဖီထုပ်အမျိုးအစား၊ လက်ဆောင်ပေးလို့ မလှသော ထုပ်ပိုးမှုပုံစံနဲ့ ကော်ဖီထုပ် သုံးလေးထုပ်ဟာ သည်အခန်းအတွင်း ရောက်နေသည်မှာ အနည်းငယ်ထူးဆန်းနေသလိုပင်။ ပြီးတော့ ကော်ဖီ လုံးဝမသောက်သူရဲ့ အခန်းမှာလေ။

ရွှေဆုကော်ဖီထုပ်ကို ကိုင်ရင်းကြည့်နေတုန်း အရုဏ်ဦးက အခန်းထဲဝင်လာခဲ့သည်။ သူ့လက်ထဲက ပစ္စည်းကိုမြင်တော့  အရုဏ်ဦးရဲ့ နားရွက်ဖျားတွေဟာ ရဲကနဲဖြစ်သွားသည်။

"အဲ အဲ့ဒါ  လူနာတစ်ယောက်လက်ဆောင်ပေးထားတာ  မင်းသောက်မယ်ဆိုရင် ယူသွား  "

စိတ်ခံစားချက်ပြင်းထန်သည့်အခါမျိုးတွင် သည်ရှမ်းကလေးရဲ့ နားရွက်တွေဟာ သိသိသာသာရဲတက်လာသည်ကို  ရင်းနှီးကြသူတွေအကုန် သိထားပြီးသားပင်။ နှုတ်ဖြေစာမေးပွဲလိုအခါမျိုးတွင် အခန်းထဲမှ ထွက်လာသည် စတော်ဘယ်ရီမျက်နှာနှင့်အရုဏ်ဦးကို အကုန်လုံးက ဝိုင်းစနောက်တတ်ကြသည်ကို အမှတ်ရမိပြန်သည်။

နေမကောင်းဖြစ်နေသူအား အခက်မတွေ့စေလိုသဖြင့် နီနီရဲရဲနားရွက်တွေကို မသိချင်ယောင်သာ ဆောင်ထားလိုက်မိသည်။

" အင်း ငါ တစ်ထုပ်ယူသွားမယ် လာ အိမ်ပြန်လိုက်ပို့ပေးမယ် "

အရုဏ်ဦးနေသည့် တောင်ကြီးဆေးတက္ကသိုလ် အနီးအနားအထိ မောင်းလာသည့်လမ်းတစ်လျှောက် နှစ်ယောက်စလုံး ဟာ ငြိမ်သက်နေမိခဲ့ကြသည်။ တောင်တန်းတွေကိုလည်း မငေးမိခဲ့သလို တောပန်းတွေကိုလည်း မမြင်နိုင်ခဲ့။ မြို့အလယ် ဗိုလ်ချုပ်လမ်းမကို ဖြတ်ကာ စူဠာမုဏိနားအရောက်မှာတော့ လမ်းတစ်ဖက်တစ်ချက် မှ ချယ်ရီပင်ပျိုတို့ ဖူးငုံစပြုနေပြီကို သတိထားမိလိုက်သည်။

"ချယ်ရီတွေတောင် ပွင့်တော့မယ်နော် "

တီးတိုးရေရွတ်မိသော သူ့ရဲ့စကားသံကသာ နှစ်ယောက်ကြားရှိ တိတ်ဆိတ်နေသောလေထုကို ဖြိုခွင်းလိုက်သည်။ အရုဏ်ဦးဟာလည်း လမ်းဘေးရှိ ချယ်ရီတွေကို ငေးကာ ပြောလာခဲ့သည်။

မောင့်ချယ်ရီ ဝေသောမြေ (Emergency Love Story)-Completed Where stories live. Discover now