သူက ဒီလိုပြောကာ အနှစ်နှုတ်ခမ်းကို စက္ကန့်သုံးဆယ်လောက်ထိနမ်းရင်း ထွက်သွားသည်။

သူထွက်သွားသည်နှင့် အနှစ်လည်းနောက်ရက်မှ သန့်ရှင်းရေးလုပ်ဖို့ဆုံးဖြတ်ကာ မွန်လေးဆီထွက်လာခဲ့သည်။ အနှစ် မွန်လေးကို ကူညီနေတာ သူမသိ။ ရှင်းပြရခက်တဲ့အကြောင်းဖြစ်နေ၍ မရှင်းပြဖြစ်။ သိရင် သဝန်တိုနေဦးမည်။ မပြောတာပဲကောင်းသည်။ အနှစ်ကလည်း မွန်လေးကြောင့်သာ ကိုယံကိုတွေ့ပေးဖြစ်တာ။ မဟုတ်ရင် မသိတဲ့သူကို တွေ့မှာမဟုတ်။

✿⁠............✿⁠...........✿⁠

"အနှစ် ငါ့ကိုမရိပ်မိလောက်ပါဘူးနော်"

"အင်း ကိုယံက မျက်လုံးမှမမြင်တာ နင်သာ စကားကိုထိန်းပြော"

အနှစ်ထိုသို့သာအားပေးဖြစ်သည်။ ခွဲစိတ်မှုအမြန်ပြီးစေချင်ပြီ။ ဒါမှထပ်မတွေ့ရမှာ။ မွန်လေးကိုလည်း ကိုယံနဲ့ ရှင်းစေချင်သည်။

"တီ...တောင်"

ကွန်ဒိုရောက်တော့ အနှစ် ဘဲလ်တီးလိုက်သည်နှင့် တံခါးပွင့်လာပြီး ကိုယံထွက်လာသည်။

"တံခါးရှေ့စောင့်နေတာလား"

"အင်း အနှစ်အလာကိုစောင့်နေတာ"

"ဪ!"

ကိုယံရဲ့အဖြေကြောင့် အနှစ် မွန်လေးကိုအားနာသွား၏။ သို့‌သော်မွန်လေးက ကိုယံကိုငေးကြည့်ကာ အနှစ်ကို အဆင်ပြေကြောင်းခေါင်းငြိမ့်ပြ၏။

"အနှစ် သူငယ်ချင်းကိုပါခေါ်လာတယ် အထဲခေါ်လို့ရမလား"

"မွန်လေးလား"

"ဟုတ်တယ်"

"ရတယ် မွန်လေးလည်းအထဲဝင်ပါ အကိုတွေ့ချင်နေတာ"

"ဟုတ်..."

အဆင်ပြေပါတယ်ဆိုတဲ့မွန်လေးက 'ဟုတ်'တစ်လုံးပြောဖို့အတွက် တော်တော်အားတင်းလိုက်ရသည်။

အနှစ်တို့နှစ်ယောက် ကိုယံတိုက်ခန်းထဲဝင်သွားတာကို တွေ့လိုက်ရသူကတော့ ထင်ရှား။

ထင်ရှားနေမကောင်း၍ အပြင်ထွက်ပြီး ဆေးသွားဝယ်ရာမှအပြန် သူ့ကွန်ဒိုအနား အနှစ်တို့ကိုတွေ့လိုက်တော့ သူ့ဆီလာလည်တယ်လို့ထင်ပြီး နောက်ကအမြန်လိုက်လာခဲ့ပေမဲ့ သူနေတဲ့အလွှာကိုကျော်ပြီးတက်သွားတာကြောင့် အံ့ဩသွားသည်။ ပိုပြီးအံ့ဩဖို့ကောင်းတာက အနှစ်နဲ့မွန်လေးသည် စက်ဝန်းသူငယ်ချင်းကိုယံရဲ့အခန်းထဲကို ဝင်သွားခဲ့တာပင်။

နှလုံးသားနီးနီး...စည်းပါးပါး(Love And Pride)[Completed]Where stories live. Discover now