" မင်းပြောသလိုသာ ဆို ငါတို့လို လိင်တူချစ်သူတွေက ကလေးမွေးစားလို့ပဲရတော့မှာပေါ့  အခြားနိုင်ငံမှာတောင် အငှားကိုယ်ဝန်ကို ခွင့်ပြုပေးနေတာပဲ  ဒီနိုင်ငံကျမှ ဘာဖြစ်နေတာလဲ "

နှစ်ယောက်စလုံးက OG ကို အထူးပြုယူဖို့အစီအစဥ်မရှိပေမယ့်  ဖန်ပြွန်သန္ဓေသား ယူမည်ဆိုလျှင် လက်ထပ်မှတ်ပုံတင်ပြနိုင်မှသာ ရမည်ဆိုသော အချက်ကြောင့် အငြင်းအခုံဖြစ်ခဲ့ရသည်။

" မိုးသောက် ငါတို့နိုင်ငံက အခြားနိုင်ငံတွေနဲ့ တူလို့လားကွ   ပိုက်ဆံပေးပြီး အငှားကိုယ်ဝန်ဆောင်ခိုင်းတာတွေ ဖြစ်နိုင်တယ် မသမာတဲ့ နည်းလမ်းတွေနဲ့ ကလေးတစ်ယောက်မွေးဖို့ ကြိုးစားတွေ အများကြီး   ဒါ့ကြောင့် လက်ထပ်စာချုပ် တင် ပြရမယ့်အချက် ထည့်ထားတာ "

အရုဏ်ဦးကတော့ လက်ထပ်စာချုပ်ပြရမည်ဆိုသည်ကို ဖြစ်သင့်သည့်အရာဟု ယူဆထားလေသည်။

" အဲ့တာဆို မင်းဖြစ်ဖြစ် ငါဖြစ်ဖြစ် အခြားမိန်းမတစ်ယောက် နဲ့ လက်ထပ်စာချုပ်မှာ လက်မှတ်ထိုးပြီးမှ ကလေးတစ်ယောက် မွေးလို့ရတော့မှာပေါ့  ဟမ် အဲ့သလိုလား  "

အရုဏ်ဦးကိုသာ မေးနေပေမယ့်  သူ့ခေါင်းထဲမှာတော့ အရုဏ်ဦးနှင့် အခြားမိန်းမတစ်ယောက် လက်ထပ်စာချုပ်မှာ လက်မှတ်ထိုးနေမည့်ပုံရိပ်ကို တွေးကြည့်ရုံနှင့်ပင် ဒေါသမီးက တလိပ်လိပ်တက်လာလေသည်။

" ဒါပေါ့  မင်းအဲ့သလောက်တောင် ကလေးလိုချင်နေရင် အစကတည်းက ကလေးမရနိုင်တဲ့ ငါ့ကို မချစ်ခဲ့သင့်ဘူး"

အရုဏ်ဦးရဲ့ အေးစက်မှုဟာ သူ သည်းခံနိုင်သော ဂိတ်ဆုံးအမှတ်ကို ရိုက်ချက်ပြင်းပြင်းနဲ့ ထိသွားခဲ့လေသည်။  ဘယ်လိုအကြောင်းမျိုးနဲ့မှ ချစ်ခဲ့မိခြင်းကို နောင်တရစရာ မရှိသူအား   ပြောလိုက်လေသော စကားဟာ နှလုံးသားကို နင်းချေမွသွားသလိုပင်။

" ငါဘယ်တုန်းကမှ မင်းကို မချစ်သင့်ဘူးလို့ မတွေးခဲ့ဖူးဘူး   ဒါကို မင်းလည်း သိတယ်   ငါတို့ ငြင်းခုန်နေတဲ့ ပြဿနာက အချစ်နဲ့ ဘာမှမဆိုင်ဘူး အရုဏ်ဦး "

အလွန်အကျွံစကားတွေ ထွက်ကျမလာခင် အရုဏ်ဦးရှေ့ကနေ သူ လှည့်ထွက်ခဲ့သည်။ ဘာရယ်မဟုတ်သော ထိုကတောက်ကဆလေးကြောင့်ပင် နှစ်ဦးသား တဖြည်းဖြည်း အေးစက်လို့သွားခဲ့သည်။ AS ဖြစ်သည့်အချိန် သူဟာ မန်းမြေမှာ ကျန်နေခဲ့ပြီး  အရုဏ်ဦးကတော့ တောင်ပေါ်ကို ပြန်သွားခဲ့သည်။ PG တက်သည့်အချိန် ပြန်ဆုံကြသည့်အခိုက်မှာတော့  သူစိမ်းသဖွယ် ဆက်ဆံရေးတစ်ခုသာ ရှိနေခဲ့တော့သည်။

မောင့်ချယ်ရီ ဝေသောမြေ (Emergency Love Story)-Completed Where stories live. Discover now