ထို့အပြင် ဝေ့မင်က ဝေ့ယဲ့ချန်ကိုအရမ်းသဘောကျသည်။ ဝေ့ယဲ့ချန်က အရွယ်နဲ့မလိုက်အောင် ရည်မှန်းချက်ကြီးသူပီပီ သူ့ရည်မှန်းချက်ပြည့်ဝအောင်လည်း စွမ်းဆောင်နိုင်သည့် အရည်အချင်းရှိသူတစ်ယောက်ဖြစ်သည်။ သို့သော် သူဟာ သဘာရင့်ဝါရင့်တစ်ယောက်ဖြစ်တာကြောင့် ဝေ့ယဲ့ချန်ရဲ့အရည်အချင်းကိုသဘောကျပေမဲ့လည်း ကြောက်သေးပန်းပြီး တရေးတယူလုပ်နေမှာတော့ မဟုတ်ပါ။ ထို့အပြင် ဝေ့ယဲချန်ကိုယ်တိုင်ကလည်း ဝက်ဝံအသည်းစားပြီး ဝေ့မင်ရဲ့မုတ်ဆိတ်လာဆွဲရဲလောက်တဲ့အထိတော့ သတ္တိမရှိသေးပေ။ နှစ်ယောက်စလုံး တစ်ယောက်ကိုတစ်ယောက် ဝင်မရှုပ်ကြပဲ လမ်းကြောင်းကို သူ့အကန့်နဲ့သူ ကိုယ့်အကန့်ကိုယ် တင်းတင်းကျပ်ကျပ် ထိန်းချုပ်ထားကြတာကြောင့် သူတို့နှစ်ယောက်ကို နောက်ကွယ်မှာ ' တာ့ရှောင်ဝေ့' ဝေ့ကြီး ဝေ့ငယ်ဟု သမုတ်ကြလေသည်။

ဝေ့မင်ရဲ့သမီး ဝေ့ရှီးကတော့ ရဲရင့်ပွင့်လင်းသည့်စိတ်နေသဘောထားနှင့် တုံးတိုက်တိုက်ကျားကိုက်ကိုက် ပြုမူတတ်သည့်စရိုက်လက္ခဏာရှိလေသည်။  သူမ၏ချောမောလှပသည့်ရုပ်ဆင်းသွင်ပြင်နှင့် တောင့်တင်းသည့်နောက်ခံအင်အားကြောင့် သူမကိုရူးသွပ်ကြသူများကလည်း ဒုနဲ့ဒေးပင်။ တချို့ကတော့ သူတို့လိုချင်တာရဖို့အတွက် သူမရဲ့နောက်ခံအင်အားကို ပိုမက်မောကြလေသည်။ သူမကလည်း သူမဆီချဥ်းကပ်လာသူမှန်သမျှကို အညှာအတာမရှိအကုန်ငြင်းပစ်ခဲ့သည်။ သူမကို ဘယ်သူက ဘယ်လိုအကြောင်းမျိုးနဲ့လာချဥ်းကပ်ကြောင်း အကုန်နားလည်သည်။ သူမကမတုံးအပါ။ မတုံးအတဲ့အပြင် face-conတစ်ယောက် ဖြစ်နေသေးသည်။ သူမအတွက်ကတော့ ရုပ်ရည်ချောမောခြင်းက တခြားတခြားသောအခြေအနေတွေထက် အလွန့်အလွန်ကိုမှ ပိုအရေးကြီးလေသည်။

ထို့ကြောင့် ဝေ့ရှီးတစ်ယောက် ဝေ့လန်အဖေ ချန်မော့ကိုလည်းမြင်ရော မြင်မြင်ချင်းချစ်မိသွားကာ ချန်မော့ရဲ့ချောမောလှပသည့်မျက်နှာကိုအရမ်းသဘောကျလွန်းသဖြင့် မရ ရအောင်လိုက်တော့သည်။ ချန်မော့ကလည်း ချောမောကြည့်ကောင်းသူပီပီ လိုက်ပိုးပန်းတဲ့ကောင်မလေးတော်တော်များများနဲ့တွေ့ဆုံဖူးသည်။ သို့သော် ဝေ့ရှီးလောက် ရဲတင်းပြီး ဖလစ်အနိုင်ဆုံးလူမျိုးနဲ့ ပထမဦးဆုံးတွေ့ဆုံဖူးတာကြောင့် သိပ်မကြာခင် သူမရဲ့ကျော့ကွင်းထဲ သက်ဆင်းမိသွားကာ တရားဝင် ချစ်သူရည်းစားတွေဖြစ်လာကြလေသည်။

ရုပ်ရှင်ဧကရာဇ်၏ သေလမ်းရှာ စေ့စပ်ထားသူလေး [ ဘာသာပြန် ] || Extra ||Where stories live. Discover now