"အင်း..."

"ကိုကြီး အသွန်းနားချင်ပြီ ပြန်ရအောင်"

အနှစ်နဲ့ကိုသူရိယစကားပြောနေတာကို ဖြတ်ပြောလာသူက ရွှေရည်သွန်း။ စက်ဝန်းစိတ်ထဲကနေ ရွှေရည်သွန်းကို ကျေးဇူးတင်သွား၏။

"ဒါဆို ပြန်လိုက်တော့လေ ကိုသူရိယ...ညီ‌မလေးက ဗိုက်နာနေတာကို "

"ဒါဆို ကိုယ်သွားပြီ..."

ကိုသူရိယက ကျသင့်ငွေကိုထုတ်ပေးဖို့လုပ်တော့ သူမက အတင်းတားကာ အမြန်ပြန်စေသည်။ သူမျက်နှာကို တမင်မဲ့လိုက်၏။

အနှစ်သာရ အရမ်းကို စေတနာကောင်းနေတာပဲ။

✿⁠............✿⁠...........✿⁠

"ကိုကြီးက ကိုကြီးစက်ဝန်းအလွန်နဲ့အနှစ်သာရကိုသိတယ်ပေါ့"

"အင်း အနှစ်က သူငယ်ချင်းရဲ့ညီမလေး..."

တည်တည်ငြိမ်ငြိမ်နဲ့ဖြေပေးပေမဲ့ အသွန်းသိလိုက်ပြီ။ ကိုကြီး အစ်မကိုချစ်နေတာ။ ကန်တင်းမှာကတည်းက အကြည့်တွေ၊အပြောတွေက ထူးခြားတယ်ထင်ခဲ့တာ။

"ဒါဆို ကိုကြီးစက်ဝန်းနဲ့အနှစ်သာရက အရမ်းကိုချစ်ကြတာလား ကိုကြီးသူငယ်ချင်းဆီက ဘာမှမကြားဘူးလား"

"သူတို့က တွေ့တာ ဘယ်လောက်မှမကြာသေးဘူး ယူရ‌တာလေ မိဘတွေပေးစားလို့ယူခဲ့ကြတာ...အခုတော့ ချစ်နေကြပုံပဲ"

"ရှင်! လက်ထပ်ပြီးပြီလို့ပြောတာလား"

"ညီမလေးမသိဘူးလား"

"ဟုတ်ကဲ့ ချစ်သူတွေလို့ပဲသိထားတာ "

အသွန်းတအံ့တဩနဲ့ခေါင်းငြိမ့်မိသည်။

"သူတို့လက်ထပ်ထားတာဘယ်လောက်ရှိပြီလဲ"

"နိုင်ဝင်ဘာလကဆိုတော့ နှစ်လတော့ကျော်လောက်ပြီ "

"ရှင်!..."

အသွန်းအံ့ဩပြီးရင်း အံ့ဩရပါသည်။
ကိုကြီးကိုမတွေ့ခင်ကတည်းက ကိုကြီးမှာမိန်းမရှိတာပဲ။ ဒါဆိုဘာလို့ အသွန်းဖွင့်ပြောတုန်းက အစ်မက ဘာမှဝင်မပြောတာလဲ။ မျက်နှာတည်ကြီး‌နဲ့ဘေးမှာရှိနေတာကို။

ကိုကြီးတို့အိမ်ထောင်ရေးကဘယ်လိုမျိုးလဲ?

"ညီမလေးက သူတို့နဲ့ခင်မယ်လို့ကိုကြီးမတွေးမိဘူး ပထမနှစ်နဲ့နောက်ဆုံးနှစ်ဘယ်လိုများတွေ့မိကြတာလဲ"

နှလုံးသားနီးနီး...စည်းပါးပါး(Love And Pride)[Completed]Where stories live. Discover now