အောက်ထပ်က ဘန်းဆိုတဲ့အသံက သူ့ကို လန့်သွားစေပေမယ့် သူက သွားကြည့်ချင်တယ်။ ရုတ်တရက် ဗိုက်နာလာမှုကြောင့် သူက အိမ်သာထဲမှာပဲ ထိုင်နေရသေးတယ်။ ဘယ်လောက်ကြာသွားမှန်း သူ မသိပေမယ့် နောက်ဆုံးတော့ ပြီးသွားပြီလို့ သူ ခံစားရတယ်။ သူက ဗိုက်ကိုဖိထားရင်း မတ်တပ်ထလိုက်ပြီး အိမ်သာရေဆွဲချလိုက်တယ်။ ထို့နောက် ဘာတွေဖြစ်နေလဲကြည့်ရအောင် အပြင်ထွက်ဖို့ပြင်လိုက်တယ်။

သို့သော်လည်း ဝေနင် ရေချိုးခန်းထဲက ထွက်လာရုံလေးမှာပဲ သူ့အခန်းနားနီးလာတဲ့ ခြေသံကို ကြားလိုက်ရတယ်။ ထို့နောက် တစ်စုံတစ်ယောက်က သူ့တံခါးကို ခေါက်လိုက်တယ်။

ဝေနင်က ကူးပြောင်းဝင်ရောက်သူတွေရဲ့ တာဝန်အကြောင်းကို မသိခဲ့ဘူး။ ကျန်းလင်ဝမ် သူတို့နဲ့ စကားပြောတုန်းက သရဲက တံခါးလာခေါက်တာ ဖြစ်နိုင်တာမို့ တံခါးမဖွင့်ပေးဖို့ သတိပေးခဲ့တယ်။ အဲ့ဒါကြောင့် ဝေနင်က ကာကွယ်ပြီး မေးလိုက်တယ်။
"ဘယ်သူလဲ?"

"ငါပါ" စိမ်းသက်တဲ့အသံကို တံခါးအပြင်ကနေ ကြားလိုက်ရတယ်။

အဲ့ဒါက သူ သိပ်မရင်းနှီးတဲ့လူတစ်ယောက်ရဲ့အသံမှန်း ဝေနင် မှတ်မိလိုက်တယ်။ သူက တံခါးနားမှာရပ်ပြီး အဝတ်ပိတ်ထားတဲ့ ပြတင်းပေါက်ဘက် လှည့်ကြည့်လိုက်တယ်။

ရွာနေတဲ့မိုးကြောင့် မိုးရေစက်တွေက ပြတင်းပေါက်ပေါ် အဆက်မပြတ်လာရိုက်ခတ်နေတယ်။ အဝတ်နဲ့ပေါင်းစပ်လိုက်ရင် ပထမအကြည့်တစ်ချက်မှာ မျက်နှာတစ်ခုလိုပဲ ထင်ရစေတယ်။ ဝေနင်က သူ့အကြည့်ကို ထိတ်လန့်စွာနဲ့ ပြန်ရုတ်သိမ်းလိုက်တယ်။ အဲ့ဒီအတွေးကြောင့်လားတော့ မသိပေမယ့် တံခါးအပြင်ဘက်ကလူအပေါ် သူ့အာရုံစိုက်မှုက လမ်းလွဲသွားတယ်။ "ငါ့ကို ဘာလို့ လာရှာတာလဲ?"

အပြင်ဘက်ကလူဟာ တံခါးလက်ကိုင်ကိုဖိထားပုံရပြီး ပြန်ဖြေတယ်။ "တစ်ခုခုရှိလို့"

ဝေနင်က အမှတ်တမဲ့ အနောက်ကို ခြေတစ်လှမ်းဆုတ်လိုက်တယ်။ သူက တံခါးသော့ခတ်ထားတာ သေချာအောင် လက်ဆန့်ထုတ်ကာစမ်းကြည့်လိုက်ပြီး တုန်ယင်နေတဲ့အသံနဲ့ မေးလိုက်တယ်။
"ဘာကိစ္စရှိလို့လဲ?"

ငါဟာကံကောင်းခြင်းနှင့်မွေးဖွားလာတာမဟုတ်(ငါဟာကံကောင်းခြင်းနှင့်မွေးဖွားလာတာမဟုတ်)Where stories live. Discover now