" ဒါကိုသူတို့ကိုတိုက်လိုက် ဒီအရွယ်ကပေါင်မုန့်မစားဘူး "

"အာ.... အင်း "

ဂျီဆောင်းက ခေါင်းလေးငြိမ့်ပြီး နွားနို့ပန်းကန်ကိုယူလိုက်တယ် ။ပြီးတော့ သူကကြင်နာစွာနဲ့ပဲ ကြောင်ပေါက်လေးတွေကိုနွားနို့တိုက်နေလေရဲ့။ အီမင်ဟိုကတော့ မလှမ်းမကမ်းနားမှာ ရေသောက်ရင်း တံခါးဘောင်ကိုမှီကာ ဆံပင်အုပ်အုပ်နဲ့သေးသေးကွေးကွေးကောင်လေးကို မမှိတ်မသုန်စိုက်ကြည့်နေမိတယ်။ ကြောင်လေးတွေကိုပွတ်သပ်ပေးနေတဲ့ လက်ချောင်းသွယ်သွယ်လေးတွေ ၊ သဘောတကျပြုံးလိုက်တိုင်း ဖောင်းတက်လာတဲ့ ပါးလုံးလုံးလေးတွေ ၊ အရည်လဲ့နေတဲ့ မျက်လုံးဝိုင်းလေးတွေကို ဘာရယ်မဟုတ်ဘဲ လိုက်ကြည့်နေမိတယ်။ ခြုံကြည့်လိုက်တော့လည်း ချစ်ဖို့ကောင်းသားပဲ။

ကြောင်လေးတွေကို နို့တိုက်ပြီးတဲ့အခါမှာ ဂျီဆောင်းက တစ်ခုခုကိုသတိရသွားဟန်နဲ့အလန့်တကြားဖြစ်တာကို မင်ဟိုမြင်လိုက်ရတယ်။ ဒါကြောင့် သူက ဒီကောင်လေးဘာဖြစ်တာလဲဆိုပြီး မျက်မှောင်ကြုံ့လိုက်မိတယ်။

" အားးး နောက်ကျနေပြီ နောက်ကျနေပြီ ။ဒီနေ့ အချိန်ပိုအတန်းရှိတာပဲ "

ဂျီဆောင်းက ဖုန်းကိုကပျာကယာထုတ်လိုက်ပြီး နာရီကြည့်ရင်း ပွစိပွစိရေရွတ်ကာ ဆက်ခနဲထရပ်လိုက်တယ်။ ပြီးတော့ သူကမလှမ်းမကမ်းမှာရပ်နေတဲ့ မင်ဟို့ကိုလှမ်းကြည့်ရင်း အားတုန့်အားနာဆိုလာတယ်။

" hyung ဒါဆိုကျွန်တော်သွားတော့မယ် အချိန်ပိုအတန်းရှိသေးလို့လေ။ ကျွန်တော်ပြန်လာရင် သူတို့ကိုတစ်ခေါက်လာကြည့်ပါ့မယ်နော် "

"အင်း "

မင်ဟိုက ရေဘူးအဖုံးပိတ်ရင်း ခေါင်းငြိမ့်ပြီး ပြန်ဖြေလိုက်တဲ့အခါ ကောင်လေးက ခေါင်းငုံ့နှုတ်ဆက်ပြီး ပျာတိပျာယာပဲ ပြေးထွက်သွားတယ်။ ကြည့်ရတာ သူတကယ်နောက်ကျနေပြီထင်ပါ့။

ကောင်လေးထွက်သွားတော့ မင်ဟိုက ကျန်နေခဲ့တဲ့ ဇလုံထဲကကြောင်လေးနှစ်ကောင်ကို တစ်ချက်လှမ်းကြည့်မိလိုက်တယ်။ သေးသေးကွေးကွေးနဲ့ အမွှေးဝါဝါလေးတွေရှိတဲ့ကြောင်ပေါက်လေးနှစ်ကောင်က အစာဝသွားတော့ တစ်ကောင်နဲ့တစ်ကောင်ပူးကပ်ပြီး အိပ်ပျော်နေရှာတယ်။

HappinessWo Geschichten leben. Entdecke jetzt