ကိုကြီးဝသန်တို့အုပ်စုဆီမှ ဂီတာသံနှင့်အတူ အကို့ အသံချိုချိုလေးထွက်လာတဲ့အခါတွင်တော့ ခရာဝန်းသည် မေမေ့ကို ကူညီပေးနေရသည့် စာရင်းစာအုပ်ကို ချရင်း တိတ်တိတ်ကလေးပြုံးမိတော့သည်။ အကိုက တကယ်ကို ကတိတည်တတ်သည့် လူသားလေးဖြစ်လေ၏။

"မေ ... သား လမ်းထိပ်စာအုပ်ဆိုင်သွားလိုက်အုံးမယ်"

ခရာဝန်းက အိမ်မှ တိတ်တိတ်ကလေးထွက်လာခဲ့သည်။ သေချာပေါက် အကိုက စာအုပ်ဆိုင်ကို လိုက်လာမှာပဲလို့ ယုံကြည်နေမိ၏။

ဦးလှကြည်ဆိုင်တွင် စာအုပ်ပြန်ငှါးနိုင်မည့်အခွင့်အရေးအား ခရာဝန်းတစ်ယောက် ဆယ်တန်းပြီးလို့ အဆောင်က ပြန်လာစဉ်အချိန်မှာရခဲ့ခြင်းဖြစ်၏။

ခရာဝန်းက သေသပ်စွာစီရီထားသောစာအုပ်လေးတွေကို ဟိုရှာသည်ရှာနှင့် တစ်ယောက်သောသူအလာကိုစောင့်မျှော်နေခဲ့သည်။

"ဟိတ် ဝလုံးလေး"

နောက်မှ ပခုံးလေးပုတ်ကာ ခြောက်လန့်ရင်း ခေါ်လိုက်သော်လည်း ခရာဝန်းက သိနေသည့်အတိုင်း မျက်နှာလေးလှည့်လာလေသည်။

"မလန့်သွားပါလားကွ..."

"မလန့်ပါဘူး။ ကျွန်တော်က အကို လိုက်လာမှာကို သိနေတာပဲ။ ဘယ်တုန်းက ပြန်ရောက်တာလဲဗျ"

ခရာဝန်း၏ အရပ်နှင့် အကိုညိမ်းခေါင်က ခေါင်းတစ်လုံးစာလောက် ကွာဟနေသည်။ ခရာဝန်းက ထွားသည့်ကောင်လေးမဟုတ်သော်လည်း အကိုကတော့ အရပ်ကလေး ရှည်လာပုံရပြီး အခုတော့ နှစ်ယောက်ရဲ့ အရပ်ကွာခြားမှုမှာ သိသိသာသာ။

"မနေ့ကပဲ ရောက်တယ်။"

မနေ့ကရောက်တာတောင် ဒီနေ့မှ တွေ့ရလားဟု ခရာဝန်း စိတ်ကလေးက ကောက်ချင်ချင်။

"မျက်မှောင်က ဘာလို့ကြုတ်ရပြန်တာတုန်းဗျာ"

အကိုက စစနောက်နောက်လေးနှင့်ပြောလေသောအခါ ခရာဝန်းက ခေါင်းခါပြရုံသာ။

"သန်ဘက်ခါ အကိုတို့အိမ်မှာ အလှူရှိတယ်။ မင်းလာမယ်မဟုတ်လား ဝလုံးလေး"

အချစ်ဦးမို့ ... (Back to 90s)Where stories live. Discover now