"မတွေ့ရတာကြာပြီနော်...ဂျွန်"

မျက်နှာချောချောက ပကတိတည်ငြိမ်နေသည့်တိုင်အောင် အသံကတော့ မသိမသာတုန်ခါချင်နေသည်။

နှစ်ပေါင်းများစွာကြာပြီးမှ ပြန်တွေ့ရသည့် မိတ်ဆွေသူငယ်ချင်းတွေလို ဝမ်းသာအားရ နှုတ်ဆက်မှုမျိုးတော့မဟုတ်။ ကြည်စင်နေတဲ့ မျက်လုံးအိမ်တွေထဲ ကြေကွဲမှု၊ နာကျည်းမှု အရိပ်အယောင် တစ်ချို့ဖြတ်ပြေးသွားသည်ကို ဂျောင်ကု သတိထားမိလိုက်၏။

"ခင်ဗျားကို ကျွန်တော် မသိဘူး"

သူ့ အငြင်းစကားကို ထိုသူက အံ့ဩဟန်မပြ။မျက်လွှာချသွားပြီးနောက် နှင်းဆီအငုံအဖူးလေးလို နှုတ်ခမ်းလှလှက ပြုံးရိပ်ဆင်လိုက်သောအခါ ဝေဒနာတွေ အားလုံးကိုတောင် သူ မေ့သွားချင်သည်။

ထို့နောက် ပိုးသားဝတ်ရုံရှည်အောက်က လက်ဖြူဖြူသွယ်သွယ်တစ်ဖက်က သူ့ဆီကို လှမ်းလာ၏။ရုတ်တရက်မို့ သူအထိမခံဘဲ နောက်ကို ဆုတ်လိုက်မိသည်။

"ကျွန်တော့်ကို မထိပါနဲ့"

မျက်နှာချောချောတွင် အပြုံးသဲ့သဲ့ စွန်းထင်းသွားသည်။ လေထဲမှာ တန့်သွားသော လက်တစ်ဖက်က ရှေ့ဆက်တိုးမလာတော့။ ဝတ်ရုံဖြူအောက်သို့ပြန်လည် ရုတ်သိမ်းသွားသည်။ ထို့နောက် မတ်တပ်ထရပ်ကာ အခန်းထဲက ထွက်ဖို့ပြင်သည်။

"ငါတို့ ကွဲကွာခဲ့ကြတာ နှစ်ပေါင်း ၅၀၀တောင် ကျော်ခဲ့ပြီပဲ"

နှစ် ၅၀၀ ကျော်။ ဘယ်လိုလုပ်ပြီး လွန်ခဲ့တဲ့ နှစ်ပေါင်း ၅၀၀ ကျော်က သိဖူးခဲ့ကြတာလဲ။ အခု သူရောက်နေတာကရော အတိတ်လား၊ ပစ္စုပ္ပန်လား..ဘာတွေလဲ။

ခေါင်းထဲမှာ ဗလာဖြစ်သွားသော ခံစားချက်။ ဦးနှောက်ကို အလုပ်မပေးရသေးခင် လေဟာနယ် တစ်ခုထဲကို ပြုတ်ကျသွားသလို ဘယ်အရာကိုမှ ရေရေရာရာဖမ်းဆုပ်၍ မရလိုက်။

ရုတ်တရက် ရှုပ်ထွေးသွားသော ခံစားချက်အမျိုးမျိုးကြားမှာ ဘယ်ဘက်ရင်အုံထဲက အနက်ရှိုင်းဆုံးတစ်နေရာကတော့ ထူးဆန်းစွာ နွေးထွေးနေဆဲ။

ထွက်ခွာလုဆဲဆဲ နောက်ကျောပြင်ကို ကြည့်ရင်း သူ့နှုတ်ခမ်းလွှာတွေ အနည်းငယ်လှုပ်ရှားသွားသည်။ ရင်တွင်းတစ်နေရာက လှိုက်ခါပူနွေးနေသော တစ်စုံ တစ်ခုက လည်ချောင်းဝသို့ ပျံ့နှံ့လာပြီးနောက် သူ့နှုတ်ခမ်းနှစ်လွှာကြားမှ လွင့်ပျံ့သွားသည်မှာ တိုးတိုးဖျဖျ။

Once Upon A Time || JINKOOK ✔︎Dove le storie prendono vita. Scoprilo ora