Part-5( Uni + Zaw)

Start from the beginning
                                        

ဈေးထဲ ဟိုဝယ် ဒီဝယ်နဲ့ လက်ထဲက ခြင်းတောင်းလည်း ပစ္စည်းတွေက ပြည့်နေပြီ။
သွားတိုက်တံ ၊ အုန်းဆီ ၊ အမွှေးခဲ ၊အကြမ်းခဲ ဆံပြာမှုန့် ၊ အချိုမှုန့်၊ ဆား၊ ငရုတ်သီးမှုန့် ၊ပရိုမီနာဘူးလေးကတော့ မပါမဖြစ်ပေါ့ နှုတ်ခမ်းနီးကတော့ မလိုသေးဘူး ရှိသေးတယ်။ ပစ္စည်းက စုံရဲ့လားတော့မသိ လက်ထဲမှာတော့ ၁သောင်းနီးနီးလောက်က ပြုတ်သွားပြီလေ။ ဟိုဟာက ဈေးတက် ဒီဟာက ဈေးတက်နဲ့။ ဒါနဲ့အခုသွားရမှာက အသားတန်း။ အမေ့ကို အသားကောင်းလေး ချက်ကျွေးချင်လို့ပါ။ အသားကောင်းဆိုပေမဲ့ အရွတ်လေးအကြောလေးတွေပါ။နေ့တိုင်းမဟုတ်တောင်မှ တပတ် ၁ရက်လောက်တော့ စားရမှာပေါ့ ။

အသားရုံကြီးကတော့ တော်တော်ကြီးတယ်။နွားခေါင်းတွေ ၊ ဆိတ်အကောင်လိုက်တွေကို ချိတ်နဲ့ ဆွဲထားတာ တန်းလန်းကြီးတွေ။
အမဲသားသည်တွေကလဲ တသီတတန်းကြီး။
ဆိတ်သားသည် ၊ ၀က်သားသည် ၊ ငါးသည် အို အများကြီး။ ဘာစားချင်လဲ ကြိုက်သလောက်ဝယ် ငဝိုင်းရှိရင်ပေါ့။
ခင်သိန်းအခု ဘာဝယ်ရမလဲဆိုတော့ အမဲကြောအတိုစလေးတွေ ၀ယ်ရမယ်။ ၁၀၀၀ဖိုးဆိုရပြီ။ အကြောလေးတွေ လတ်တယ် အမဲသားအကောင်းမစားနိုင်တောင် အကြောလောက်ဆို စားနိုင်ပါတယ် နေ့တိုင်းမဟုတ်တောင်မှ။

အကြောလေး ၁၀၀၀ဖိုး ၊ ဘူးရွက်လေး ၁၀၀ဖိုး ၂စီးတဲ့ ၊ နှမ်းပတ်ချဉ် ၁၀၀ဖိုး နဲ့ တော်ပြီလေ နောက်နေ့အတွက်ကတော့ အလုပ်ပြန် ဈေးဝင်ဝယ်ရင် ရနေတာပဲ။ အကြောလေးကို ဆီလေးနဲ့ ချက်မယ် မနက်ကျန်ရင် နွေးပြီး ထမင်းချိုင့်ထုတ်ရမယ်။ ဘူးရွက် ဟင်းချိုလေးရယ် နှမ်းပတ်ချဉ်သုပ်လေးရယ် ထမင်းတော့ မြိန်ပြီ။

လက်ထဲလည်း ဘယ်လောက်ကျန်သေးလဲ မသိဘူး။ တိုလီမုစတွေက ၄၀၀၀ ၊ ဆီနဲ့ ဆန်က ၇၀၀၀ ၊ ဟင်းချက်စရာက ၁၂၀၀ ပေါင်းတော့ သောင်းနှစ်ထောင်နဲ့မှ နှစ်ရာ။
နောက်တပတ်ထိ ရေဖိုး ချန်ရဦးမယ်။ ဟင်းချက်စရာဖိုးရယ် ၊ အမေ့မျက်စဉ်းနဲ့ မီးသွေးက မ၀ယ်ရသေးဘူး။ ခင်သိန်း တစ်ယောက် ထန်းသီးမုန့်လေးစားချင်တာတောင် မစားရက်တော့ပါဘူး။ မီးသွေးကတော့ ဈေးအတွက်က ဆိုင်မှ ၀ယ်တော့မယ်။ အဲ့ဆိုင်က မီးသွေးတစ်အိတ်ကို တခြမ်း ခြမ်းပြီးရောင်းလို့သာပဲ မဟုတ်ရင် မီးသွေးတစ်အိတ် ၃၅၀၀
မလွယ်ဘူး...မလွယ်ဘူး။

မီးသွေးအိတ်ကို ခေါင်းပေါ်တင် ၊ ဆန်အိတ်ကို ခါးတင်ခွတင် လက်တစ်ဖက်ကခြင်းတောင်းကို ဆွဲပြီး မိခင်သိန်းတစ်ယောက် ဈေးက ပြန်ခဲ့လေပြီ။

_______________________________

ခြေသံ တရှပ်ရှပ်ကြားသည်နှင့် ဒေါ်တင် ခေါင်းတောင်လိုက်သည်။သားဈေးသွားတာ ပြန်လာလောက်ပြီ ။ ဈေးက အပြန် ဘာက တော့ ဈေးတက်တယ် ဘာလို ဘယ်ချမ်းသာ ဆိုတာ မမောမပန်း ​အိမ်ရောက်တာနဲ့ ပြောပါလိမ့်မယ်။လူရှေ့ သူရှေ့ဆို မညည်းဘူး အိမ်ရောက်မှ ညည်းတာ သူ့အကျင့်။

"ဈေးကပြန်လာပြီ"

ခင်သိန်းအသံမပေးခင်ကတည်းက အမေ့က ထနေတာ နောက်ကျနေလို့ မျှော်နေတာထင်ပါ့ ။ ခင်သိန်း ခေါင်းပေါ်က အထုပ်တွေကို အမေ့ရှေ့နားချပြီး အမေကို ဈေးတက်တဲ့အကြောင်း ညည်းညူတော့သည်။

"ဆန်ကလဲ တက်ပြန်ပြီ အမေရေ"
ဆန်ဈေးတက်တာကနေစပြီး အချိုမှုန့်ကဘယ်လောက် ၊ ဆားက ဘယ်လို ဆိုပြီး မိခင်သိန်းရဲ့ ညည်းညူမှုဇာတ်လမ်းကြီးစတင်ပါပြီ။ ဒေါ်တင်ကတော့ သူ့ပြောသမျှ ခေါင်းငြိမ့်ရုံသာ။ ဈေးကအပြန် မမောနိုင် မပန်းနိုင် သူမှ ညည်းနိုင်သေးတယ်။

"မင်း မမောဘူးလားအေ" လို့ သွားမပြောလိုက်နဲ့ "အမေကလည်းတော်" ဆိုတဲ့စကားကို အသံ​သြသြကြီးနဲ့ အော်ပါလိမ့်မယ်

"အမယ်လေး မောလိုက်တာတော် ...
ဟင်းသွားချက်တော့မယ်"

ညည်းပြီးသွားရင် မောပြပါလိမ့်မယ်။
ပြီးရင် တစက်တည်း ဟင်းချက်မဲ့အကြောင်း ဖောက်သည်ချ ပါအုံးမယ်။
အမဲကြောလေးကို ဆီလည် ရေလည်လေးတဲ့
ဘူးရွက် ဟင်းချို ၊ နှမ်းပတ်ချဉ်သုပ်မယ်တဲ့
အပြောနဲ့တင် သွားရည်ယိုနေပါပြီ ခင်သိန်းရယ်။ အဲ့လိုပြောပြီး မေးသေးတာ
"အမေကြိုက်တယ်မလားတဲ့"
ခေါင်းလေးငြိမ့်ပြလိုက်မှ။ မဟုတ်ရင် မကြိုက်ဘူးပြောလို့ တမျိုးမဟုတ် တမျိုး ဟင်းတွေကို စဉ်းစားပြီး ပြောပါလိမ့်မယ်။

တခါက"အမေမကြိုက်ပါဘူး"လို့ ​သူ့ကို စလိုက်မိတာ စိတ်တွေဆိုးပြီး ဟင်းတွေကို အစုံပေါင်းချက်လာတာ ကိုယ့်မှာ ရယ်ရခက် ငိုရခက်နဲ့။ အခုလဲ ခေါင်းငြိမ့်လိုက်လို့ ပျော်ပြီး ဟင်းသွားချက်ဖို့ ပြင်နေလောက်ပြီ။

လွတ်လပ်ခွင့် ( Uni + Zaw)Where stories live. Discover now