အခန်း (၁၈)

Depuis le début
                                    

အုပ်ထိန်းခွင့်ချင်းဖလှယ်ကြတဲ့ကိစ္စက ဒီမနက်တော့ အဆင်ပြေပါတယ်။ ပြီးခဲ့တဲ့အပတ်က သူမရဲ့အလယ်နာမည်နဲ့ပတ်သက်ပြီး ခေါင်မိုးပေါ်မှာကျွန်မတို့စကားပြောဆိုဖြစ်ခဲ့ကြပြီးကတည်းက စကားမပြောဖြစ်ကြတော့တာတောင်မှပေါ့လေ။ သူက နည်းနည်းမချေမငံပုံဖြစ်ပေမဲ့ သူ့ရဲ့မချေမငံပုံကို သူတစ်ခါတရံလုပ်နေတုန်းဖြစ်တဲ့ ပါးပါးနပ်နပ်ချစ်ရေးချစ်ရာအရိပ်ပြတာတွေထက်တော့ ပိုနှစ်သက်မိတယ်။

ရွိုင်းလီအနားမှာရှိမနေတာကြောင့် အယ်လီဆာက ဒီနေ့ ကျွန်မနဲ့အလုပ်လာလုပ်ပေးတယ်။ ကျွန်မတို့တွေ လုပ်စရာရှိတာအကုန်ပြီးအောင်လုပ်နိုင်သွားကြပြီမို့ သူမက အခု ကော်ဖီဝယ်ပြီးပြန်လာတာ။ ကျွန်မတို့ရဲ့အမှာစာတွေအားလုံးကို ပြီးခဲ့တဲ့(၁)နာရီကမှ ပစ္စည်းလိုက်ပို့တဲ့ထရပ်ကားနဲ့လွှတ်လိုက်တာ။ ဒီတော့ ဒါက အာ့တ်လက်စ်နဲ့ကျွန်မ ပြီးခဲ့တဲ့အပတ်ချိန်းတွေ့ပြီးကတည်းက ကျွန်မတို့ချင်း သီးသန့်စကားပြောဖို့ အမှန်တကယ်အချိန်ရခဲ့တာ ပထမဆုံးအကြိမ်ပဲ။

အယ်လီဆာက ကျွန်မကို ကော်ဖီကမ်းပေးပြီးတဲ့နောက် မောက်စ်ကိုနှိပ်ရင်း ကွန်ပျူတာပေါ်က အင်တာနက်အမှာစာအသစ်တွေကို စစ်ကြည့်နေတယ်။

"လူစီရဲ့မင်္ဂလာပွဲကို နင်ဘာဝတ်သွားမှာလဲ"လို့ ကျွန်မမေးလိုက်တယ်။

"ငါတို့တွေ မသွားဘူး"

"ဘာကြီး"

"ငါတို့သွားလို့မရဘူးလေ။ အဲ့ဒါက ငါ့မိဘတွေရဲ့အနှစ်(၄၀)မြောက်နှစ်ပတ်လည်နေ့။ ငါနဲ့ရွိုင်းလ်တို့ အဲ့ဒီအမှတ်မထင်အံ့အားသင့်စေမယ့်ညစာစားပွဲလုပ်ပေးကြမလို့"

အဲ့ဒီအကြောင်း သူမက ကျွန်မကိုပြောထားခဲ့တာပဲ။ ဒါပေမဲ့ အဲ့ဒါက လူစီရဲ့မင်္ဂလာပွဲနဲ့ တစ်ရက်တည်းမှန်း မသိလိုက်မိဘူး။

"ရွိုင်းလ်က အဲ့ဒီညနေတစ်ရက်ပဲ ခွင့်ယူလို့ရတာ" လို့ သူမပြောတယ်။

ကျွန်မစိတ်ဓာတ်ကျမိတယ်။ ကျွန်မ ရွိုင်းလ်ရဲ့အလုပ်အချိန်ဇယားကို မုန်းတယ်။ အဲ့ဒါက အချိန်ကြာလာရင် ပိုအဆင်ပြေသွားမယ်မှန်း ကျွန်မသိပါတယ်။ သူက အသစ်စက်စက်ခွဲစိတ်ဆရာဝန်တွေထဲက တစ်ယောက်မဟုတ်တော့တဲ့အချိန်ကျရင်ပေါ့။ ဒါပေမဲ့ သူ့အလုပ်ချိန်တွေက အုပ်ထိန်းခွင့်အခက်အခဲတွေဖြစ်အောင် မလုပ်တာတောင်မှ ကျွန်မရဲ့အကောင်းဆုံးသူငယ်ချင်းကို မင်္ဂလာပွဲနဲ့ သူမရဲ့မိဘတွေကြားရွေးချယ်ရအောင် လုပ်နေတာပဲလေ။

[[Completed]] နိဒါန်းပျိုးခဲ့ကြပြီ (နိဒါန္းပ်ိဳးခဲ့ၾကၿပီ)Où les histoires vivent. Découvrez maintenant