"ကိုယ် တော်တော်လေး သဘောကျတယ်"

သူပြောတာ သီချင်းဆိုပေမယ့် ကိုယ့်နှလုံးသားထဲမှာ တဒိတ်ဒိတ်နဲ့ ဖြစ်သွားတာကြောင့် လန့်ဖြန့်ပြီး မတ်တပ်ရပ်လိုက်မိရာ သူ့တံတောင်ဆစ်နဲ့ နေသူရိန်၏ မျက်နှာမှာ မိတ်ဆက်သွားလေတော့သည်။

"အာ...ဆောရီး၊ ကျွန်တော် တမင်လုပ်တာ မဟုတ်ပါဘူး"

‌နေသူရိန်မှာ လျှာပင်ကိုက်မိလုဖြစ်သွားတာမို့ ပါးစပ်ထဲမှာ သွေးအနံ့ကိုပင် ရလာပြီဖြစ်သည်။

"မင်း ကျေးဇူးတင်တဲ့ပုံကလည်း အဆန်းပဲနော်"

အဂ္ဂကို ကြည့်၍ ငိုမဲ့မဲ့ ရုပ်ဖြင့်ပြောလေလျှင် တစ်ဖက်လူက ပို၍ အားနာရလေသည်။ အဂ္ဂအတွက် ပရိတ်သတ်တွေ အများကြီးနဲ့ ကြုံဖူးသလို ချီးကျူးစကားများကိုလည်း နားယဉ်နေပြီးဖြစ်သည်။ 

ဒီတစ်ခါ မတူတာက အနုပညာနှင့် အလှမ်းဝေးလွန်းတဲ့ ခေတ်နောက်ကျနေသော နေသူရိန်ထံမှ ချီးကျုးမှုကိုရလိုက်တာကြောင့် ဖြစ်နိုင်သည်။ သူ့နားရွက်ဖျားလေးတွေပါ နီရဲလာအောင် သဘောကျနေမိသည်။

နေသူရိန်မှာ ပြောင်းလဲသွားသည့် မျက်နှာသွင်ပြင်ကို ကြည့်ကာ သူ့အဖေပြောခဲ့တဲ့ စကားကို သတိရနေမိသည်။

အဂ္ဂလင်းကို သတိထားရမည်တဲ့လား။ တကယ်ပဲ အဂ္ဂလင်းကသာ မရိုးရှင်းဘူးဆိုရင် သိပ်ကို ဟန်ဆောင်ကောင်းလို့ပဲ ဖြစ်ရမည်။

"သွားရအောင် မင်းနေ့လည်စာ မစားရသေးဘူးမလား"

"ကျွန်တော် ထမင်းပဲ စားမှာ"

"ကိုယ်လည်း ထမင်းဆိုင်ပဲ သွားမလို့ပါ"

အဂ္ဂလင်းက ပြုံးလိုက်ကာ သူ့နောက်ကနေ လိုက်လာသည်။ ဒီနောက်ပိုင်းမှာ အဂ္ဂလင်းရဲ့ အကျင့်လေးတွေကို နေသူရိန်သိမြင်လာခဲ့သည်။ ထိုကောင်လေးက သရေစာတွေ သိပ်မစားတတ်ပေ။ သူစိတ်ကြည်နေချိန်ဆို သီချင်းများကို တိုးတိုးလေး ဆိုနေမည်ဖြစ်ပြီး တစ်ခါတစ်လေမှာတော့ အဝေးကို ငေးကြည့်နေတတ်သည်။ 

"တစ်ခါတလေ ကျွန်တော် ဟိုးအဝေးကြီးကို ထွက်သွားကြည့်ချင်တယ်၊ စိတ်လွတ်လက်လွတ် နေနိုင်မယ့် နေရာတစ်ခုကိုလေ"

4. Bow To Eros (အချစ်နတ်ဘုရားထံဦးညွတ်ခြင်း)(အခ်စ္နတ္ဘုရားထံ ဦးညွတ်ခြင်း)Where stories live. Discover now