နံနက်ခင်းစောစော လမ်းထလျှောက်တတ်သည့် အကျင့်ကြောင့်  မျက်လုံးတို့က သူ့အလိုလို ပွင့်လာခဲ့သည်။ လက်မောင်းတစ်ဖက်ကို ဖိထားသည်မို့ ထုံကျင်နေလေရာ အသာယာ ဆွဲထုတ်လိုက်ပြီး  အခြားလက်တစ်ဖက်ဖြင့်  ခေတ္တမျှ နှိပ်နယ်ပေးလိုက်ရသည်။ အမူးသမားဆရာဝန်ကတော့ ခုထက်ထိ အိပ်ပျော်နေဆဲ။ ကုတင်ပေါ်မှဆင်းကာ မျက်နှာသစ်ရန် ထလိုက်တော့    စောင်အောက်မှ ထွက်နေသော ဖြူဖြူဖွေးဖွေး ခြေတစ်ဖက်ကို မြင်လိုက်ရသဖြင့်  အသာလေးမကာ စောင်အောက်ထဲ ထည့်ပေးလိုက်ရသည်။

စူဠာမုဏိဘုရားသွားရာ ပတ်လမ်းတစ်လျှောက်တွင် သူ့ကဲ့သို့  လမ်းလျှောက်သူ၊ လေ့ကျင့်ခန်းလုပ်သူ ၊ စက်ဘီးစီးသူများဖြင့် ပြည့်နေခဲ့သည်။ ဘုရားရင်ပြင်ပေါ် ခဏဝင်လိုက်တော့   ထိုင်ခုံတန်းတွေဟာလည်း  ထိုင်သူမရှိဘဲ လစ်ဟာနေသည်။ တောင်စဉ်တောင်တန်းတွေကို ခဏမျှ  ငေးကြည့်ကာ ကိုယ်လက်လှုပ်ရှားမှုတချို့လုပ်ပြီးနောက်  ပြန်ဆင်းလာခဲ့သည်။ သောက်နေကျ ကော်ဖီဆိုင်ကို ဝင်ကာ ကော်ဖီတစ်ခွက် ဝင်ဝယ်ခဲ့ပြီး  အိမ်ကိုသာ ပြန်လာလိုက်တော့သည်။

အမူးမပြေသလို မျက်နှာမျိုးနှင့် အရုဏ်ဦးက မီးဖိုချောင်ထဲက ထွက်လာသည်။ လက်ထဲတွင်  လက်ဖက်ရည်ကြမ်းတစ်ခွက်ကို ကိုင်ထားရင်း ပြောသည်။

" လက်ဖက်ခြောက်က မွှေးသားပဲ  ပင်လောင်းကလား  "

" ခုထိ မူးနေတုန်းပဲလား  "

ပုံမှန်အသိစိတ်နဲ့ အရုဏ်ဦးသာဆိုလျှင် ထိုသို့ လောကွတ်စကား ဆိုမည်မဟုတ်ချေ။ သူ့အမေးကို ကြားတော့  ဘာမှတုံ့ပြန်မလာ။ လက်ဖက်ရည်ကြမ်းကိုသာ ဆက်သောက်နေသည်။

" ငါ့ကို အိမ်ပြန်ပို့ပေးဦး  "

" ခဏစောင့်  အဝတ်အစားလဲဦးမယ် "

ဒီနေ့မနက်တော့ ရာသီဥတုက သာယာနေခဲ့သည်။ အရုဏ်ဦးရဲ့အိမ်ဟာ  သူနှင့်တော့ အတော်ဝေးသေးသည်။ အိမ်ရှေ့ရောက်တော့  " ကျေးဇူး  "ဟု တစ်ခွန်းသာဆိုပြီး  ခြံထဲဝင်သွားတော့သည်။ တကယ်ကို ကူညီရကျိုး မနပ်သည့် ကောင်ပင်။ အိမ်ကို တစ်ခေါက်ပြန်ကာ  သပ်သပ်ရပ်ရပ် အဝတ်စားကို ပြင်ဆင်ပြီး ဆေးရုံဆီ ထွက်လာလိုက်သည်။ တောင်ပေါ် အဆင်းလမ်းမှာတော့   တောင်နေကြာတချို့ ပွင့်လန်းနေသည်ကို တွေ့ရသည်။ မနေ့က ရွာခဲ့သော မိုးစက်တွေကြောင့်  ခပ်စောစော ပွင့်လာခြင်း ဖြစ်နိုင်သည်။  ကားထဲမှာ ဖွင့်ထားသည့် သီချင်းကလည်း  ပြင်ပပခြေနေနှင့် ကိုက်ညီနေခဲ့ရာ  စိတ်ကို ကြည်နူးမှုဖြစ်လာစေသည်။

မောင့်ချယ်ရီ ဝေသောမြေ (Emergency Love Story)-Completed Where stories live. Discover now