" ဆရာမရေ  တစ်ခုခုဆိုရင်  ကျွန်တော့်ဆီ  တိုက်ရိုက် inform လုပ်လို့ရတယ်နော်   ဖြိုးသူက Emergency မှာ ကူပေးနေတော့လေ    "  ( Emergency အရေးပေါ်ဌာန )

" ဟုတ်ကဲ့ဆရာ "

ညနေဘက် နေကျသွားသည်နှင့်  အအေးဓာတ်က ရောက်ရှိလာတတ်သည်။ ယနေ့လို မိုးရွာသွန်းခဲ့သော နေ့ဆိုလျှင်တော့ တစ်နေ့တာလုံး အေးစိမ့်လို့နေတော့သည်။ အေးသာယာကို ကျော်ကာ  တောင်ကြီးမြို့ပေါ် တက်တော့  တောင်ထိပ်မှာ မြူတွေပင် ဆိုင်းနေခဲ့သည်။ ပြင်ပဆေးရုံကို ရောက်တော့  အသင့်စောင့်ဆိုင်းနေသည့် ဆရာမများနှင့်အတူ လူနာတွေကို သွားကြည့်ကာ  ဆေးရုံဆင်းသင့်သည့်သူ ဆင်းခိုင်းသလို  လိုအပ်သည်များကို ညွှန်ကြားပေးခဲ့သည်။ အချိန်ဟာ သိပ်မကြာလိုက်ပေ။ တာဝန်ကျ ဝန်ထမ်းတွေကို နှုတ်ဆက်ပြီး  အိမ်ကိုသာ ပြန်လာခဲ့တော့သည်။

ရေချိုးပြီးနောက် ခေတ္တနားနေသည့်အချိန်မှာတော့  ဖုန်းကိုကိုင်ကာ  ပျင်းရိလာပြန်သည်။ အလုပ်တွေသာ ရှိမနေခဲ့လျှင်  သူ့ဘဝဟာ ငြီးငွေ့ဖွယ်ရာ အတိပင်။ အလုပ်မှာသာ အခြားဝန်ထမ်းများနှင့် ထွေရာလေးပါး စကားပြောဆိုစရာရှိပေမယ့်  အိမ်ပြန်ရောက်လျှင်တော့ သူတစ်ယောက်တည်းသာရှိသည်။  တိတ်ဆိတ်နေသော အိမ်လေးဟာ အထီးကျန်ဆန်သော အငွေ့အသက်တွေ ဖုံးလွှမ်းထားခဲ့သည်။ အသက်သုံးဆယ်ကျော်လာခဲ့ပေမယ့်  တစ်ကိုယ်တည်းသမား ဖြစ်နေဆဲမို့  လုပ်ဖော်ကိုင်ဖက်များက စနောက်ကြသည်မှာလည်း အမြဲလိုလိုပင်။

" ကဲ   သည်တစ်နှစ်လည်း  တို့ဆရာ မိုးသောက်က လူပျိုကြီးပါပဲ  "

" ရုပ်ရည်လည်းရှိ  ပညာလည်းတတ်  ဥစ္စာလည်း ပေါပါလျက်နဲ့  တစ်ကိုယ်တည်းသမားဖြစ်နေတာ အံ့သြစရာပါပဲ   "

" အဲ့သလို ပြည့်စုံနေလို့လည်း  တစ်ကိုယ်တည်းဖြစ်နေတာဗျို့ "

အသက်အရွယ်တစ်ခုရောက်လာလျှင် လက်တွဲဖော်ရှိလာရမည်က သဘာဝဆိုသော်ငြား  သူ့အတွက် လက်တွဲဖော်ဟာ မလိုအပ်။  မလိုအပ်တော့တာဟု ပြောရလျှင် ပိုမှန်မည်။ ဆွဲမထားနိုင်ခဲ့သော လက်တွေဟာ  ဘယ်လက်ကိုများ တွဲထားနိုင်ပါဦးမည်လဲ။ အထီးကျန်ဆန်သော နှလုံးသားထဲတွင် ကွယ်ဝှက်ထားသော မျှော်လင့်ချက်တို့ဟာ ရှင်သန်နေဆဲ။ တစ်နေ့... တစ်နေ့တော့  သူ ဖမ်းဆုပ်မိမှာပါ။

မောင့်ချယ်ရီ ဝေသောမြေ (Emergency Love Story)-Completed Where stories live. Discover now