" အင်္ကျီလှန်ဦးမယ်နော် "

ခွင့်တောင်းပြီးမှသာ အင်္ကျီကို လှန်လိုက်ပြီးနောက်  ပတ်တီးစကို ခွာကာ အမှိုက်ပုံးထဲ ပစ်ထည့်လိုက်သည်။ အနာအခြေနေကောင်းသည်ကို မြင်မှ  ဆရာမလေးကို ပြောလိုက်သည်။

"  ဆရာမရေ  STO လုပ်မယ်  ပြင်ထားပြီးသားလား " ( ချုပ်ရိုးဖြည် )

" Dressing box ထဲမှာ အသင့်ပါပြီးသားပါ  ဆရာ Glove လဲဦးမလား   " (အနာဆေးထည့်ရန် ပိုးသတ်ထားသည့် box,  Glove လက်အိတ် ).

" ဟုတ်   ၇ ခွဲလေး တစ်စုံပေးပါ   " ( ပိုးသတ်ထားသည့် လက်အိတ်  size 7 1/2 )

ဆရာမလေး ကမ်းပေးလာသည့် လက်အိတ်ကို ဖောက်ဝတ်ပြီးမှ  အနာချုပ်ရိုးများကို ဖြည်လိုက်သည်။ အပြီးသတ် betadine သုတ်လိမ်းပြီးနောက်  လက်အိတ်ကို ချွတ်ကာ  ဘေစင်တွင် လက်သွားဆေးလိုက်သည်။ လူနာသည်လည်း အရှေ့ခုံတွင် ပြန်ထိုင်သည်။

" အခုက ချုပ်ရိုးဖြည်ပြီးပြီဆိုတော့ ရပါပြီ  သောက်လက်စဆေးတွေကုန်ရင် ရပ်လိုက်တော့  "

" ဘယ်ရက် ပြန်လာပြရဦးမလဲဆရာ  "

"ပြန်လာပြဖို့ မလိုတော့ပါဘူး   "

ဦးလေးကြီးက မေးစရာကျန်နေသေးသည့်ဟန် တွန့်ဆုတ်တွန့်ဆုတ် လုပ်နေခဲ့သဖြင့် သူကပင် အလိုက်တသိ မေးမြန်းလိုက်သည်။

" ရတယ် ဦးလေး မေးစရာရှိတာ မေးပါ  "

" အစားအသောက် ဘာတွေစားရမလဲ  ရေချိုးလို့ရော ရပြီလား ဆရာ  "

" အပူအစပ်ကလွဲရင် စားလို့ရပြီ  ရေလည်း ချိုးလို့ရပါတယ်   ကဲ မေးစရာ မရှိရင် နောက်တစ်ယောက် ခေါ်လိုက်မယ်နော်  "

" ခဏလေး ဆရာ  ပိုက်ဆံ ဘယ်လောက်ပေးရမလဲ "

တိုင်းရင်းသားဦးကြီးတွေဆိုတော့လည်း စကားကို တည့်တိုးသာ ပြောတတ်ကြသည်။ ဆေးရုံလာလျှင် ပိုက်ဆံပေးရမည်ဆိုသည့် အသိသာ ရှိကြသည် မဟုတ်လား။

" အစိုးရဆေးရုံမှာ ပိုက်ဆံပေးဖို့ မလိုပါဘူး   ဆေးရုံမှာမရှိတဲ့ဟာတွေ ဝယ်ရရင်သာ ပိုက်ဆံလိုတာပါ    "

" ဟုတ်ပြီဆရာ  ကျေးဇူးပဲနော့်  သွားလိုက်ဦးမယ်  "

ဦးလေးကြီး ထွက်သွားမှ ဘေးနားကဆရာမနှင့် အပြန်အလှန်ကြည့်ကာပြုံးလိုက်မိကြသည်။ ဆရာမလေးကလည်း  ပစ္စည်းတွေကို အမြန်သိမ်းလိုက်ရင်း ပြောသည်။

မောင့်ချယ်ရီ ဝေသောမြေ (Emergency Love Story)-Completed Onde as histórias ganham vida. Descobre agora