"နေရခက်ရင်အားမနာဘဲပြောလို့ရတယ်
အသက်ရှူကျပ်လာရင်ကျွန်တော့်ကိုချက်ချင်းပြောနော်"

ရှောင်းကျန့်ကိုယ်လုံးကိုသူ့ရင်ခွင်ထဲခပ်ဖွဖွထည့်ထားရင်းဝမ်ရိပေါ်ကပြောတယ်။ ဘယ်လိုကလေးမို့ရင်ခွင်ကဒီလောက်တောင်နွေးရတာတဲ့လဲ။ တောင်ပေါ်လေတွေကိုလျစ်လျူရှုနိုင်ရလောက်အောင်ကို ဟောဒီရင်ခွင်ရဲ့ထွေးပွေ့မှုကနွေးပါတယ်။ အသည်းနှလုံးအထိလေတိုးမခံရလောက်အောင်နွေးနေတာအမှန်ပါပဲ။

"ဆရာရှောင်းကျန့်"

အဝေးကနှင်းမြူဆိုင်းနေပြီဖြစ်တဲ့တောင်တန်းတွေကိုငေးကြည့်နေတဲ့အခိုက်မှာ တိုင်းရင်းသားလေးကခပ်တိုးတိုးခေါ်လာတယ်။ ဘေးတစောင်းမြင်နေရတဲ့မျက်နှာကခပ်ဖွဖွပြုံးနေပြီး ရှောင်းကျန့်ကိုလှည့်ကြည့်လာတဲ့မျက်ဝန်းတွေဟာနွေးနွေးထွေးထွေးလခြမ်းကွေးလေးသဖွယ်။

"ချစ်တယ် ခင်ဗျားကို"

မျက်နှာချင်းဆိုင်အနေအထားနဲ့ပြောလာတဲ့တိုင်းရင်းသားလေးကြောင့် ရှောင်းကျန့်မသိလိုက်ခင်မှာပဲခေါင်းကိုငုံ့မိသွားတယ်။ ရှက်သွားတာရယ်လို့ပြောလို့ရပေမယ့်လှိုက်ခနဲခုန်သွားတဲ့ရင်ဘတ်နဲ့ဝေ့သီချင်လာတဲ့မျက်ရည်တွေကြောင့်ခေါင်းငုံ့မိသွားတယ်ဆိုတာရှောင်းကျန့်ကိုယ်တိုင်ပဲသိပါတယ်။ နောက်ခြင်း၊ပြောင်ခြင်းအလျဉ်းမရှိတဲ့ကောင်လေးကရှောင်းကျန့်အပေါ်မှာနဂိုထက်စစ်မှန်တဲ့မေတ္တာတရားတွေကိုထုတ်ပိုးထားကြောင်းသိရတဲ့အခါရင်အစုံကလှိုက်ခနဲခုန်ရသလိုမျိုး အချိန်ကာလကိုတွက်မိတဲ့အခါမှာလည်း မျက်ရည်ကဝေ့ချင်မိသေးတာပါပဲ။

"ကျွန်တော်လည်းရိပေါ်ကိုချစ်ပါတယ်"

ညနေခင်းရဲ့လေပြေနဲ့အတူရှောင်းကျန့်တိုးဖွဖွဆိုတော့ ရိပေါ်ကနဂိုကထက်ပိုပြီးတောက်တောက်ပပပြုံးတယ်။ နေဝင်ဆည်းဆာရဲ့တောက်ပမှုထက်လခြမ်းကွေးမျက်ဝန်းကလေးကပိုပြီးလင်းလက်နေတယ်လို့ရှောင်းကျန့်ကတော့ထင်ပါတယ်။

"နှင်းမုန်တိုင်းကျမယ့်ရက်တွေရောက်လာတော့မှာ ခင်ဗျားအရင်ထက်နွေးနွေးထွေးထွေးနေဖို့လိုလာလိမ့်မယ်"

Light Of The 'YuLong' [Complete]Where stories live. Discover now