ပြောရင်းကနောက်တစ်ခါငိုပြန်သည်။

" ဘာဖြစ်တာလဲကိုချမ်း "

အနားကိုရောက်လာတဲ့ဘုဏ်းမိုရ်ကထွေးမလက်ကလေးကိုကိုင်လိုက်ရင်းဝင်မေးသည်။

" သူ့အမေနေမကောင်းဘူးဆိုလို့မေးနေတာပါကွာ "

" တမီးရဲ့မယ့်အဲကရူးတာမဟုတ်ပါဘူးဆရာလေး "

" အေးပါ… ဆရာလေးတို့ကလည်းသမီးရဲ့အမေကိုရူးတယ်လို့မပြောပါဘူး၊ ရူးတယ်လို့လည်းမထင်ပါဘူး၊ ကျောင်းဆင်းရင်ဆရာလေးတို့လည်း သမီးတို့အိမ်ကို အိမ်လိုက်ခဲ့မယ်လေ၊ သမီးရဲ့‌အမေနေမကောင်းတာကိုကြည့်ရင်းပေါ့၊ လိုက်ခဲ့လို့ရတယ်မို့လား "

ခေါင်းကလေးကိုညိတ်ပြနေတဲ့ထွေးမရဲ့မျက်လုံးလေးတွေလက်ခနဲဖြစ်သွားတာမြင်လိုက်သည်။ငြိမ်းချမ်းတို့ကသူ့အမေကိုဆေးကုပေးနိုင်လိမ့်မယ်လို့ထင်နေဟန်တူသည်။

ကျောင်းဆင်းချိန်လည်းနီးနေပြီမို့ကလေးတွေကိုကျောင်းဆင်းပေးလိုက်ကာ ငြိမ်းချမ်းတို့နှစ်ယောက်သားထွေးမနဲ့အတူတူ ထွေးမတို့အိမ်ဆီထွက်လာခဲ့လိုက်သည်။

" သမီးထွေးမ… "

" အမ်… "

ရှင်မထူးတတ်သေးတဲ့ထွေးမမျက်နှာကဟန်ဆောင်ခြင်းကင်းမဲ့လျက်။

" သမီးထွေးမအမေကအသက်ဘယ်လောက်ရှိပြီလဲ "

" မယ့်အဲလား… '

" အေးလေ… "

" တိဘူး… "

" ဟောဗျာ… "

ထွေးမရဲ့အဖြေအဆုံးမှာ မေးလိုက်သူဘုဏ်းမိုရ်ရောငြိမ်းချမ်းပါရယ်မိကြသည်။ကလေးမသိလောက်တာကိုငြိမ်းချမ်းတို့ကလည်းမေးမိတာကိုး။

" ကိုချမ်းတို့ရွာက ကလေးတွေကလည်း တစ်ချိုကကြတော့အမေကိုမယ့်အဲတဲ့၊ တစ်ချို့ကကြတော့လည်းအမေတဲ့၊ ခေါ်ပုံချင်းလည်းမတူကြဘူးနော် "

" အင်း… ဟုတ်တယ်… ဒါပေမဲ့အသက်ငယ်ငယ်ကလေးတော်တော်များများကတော့မယ့်အဲလို့ပဲခေါ်ကြတာများပါတယ်၊ နည်းနည်းကြီးလာရင်တော့အမေလို့ပြောင်းခေါ်ကြတယ်၊ ဆရာတော်ကသင်ပေးတာရော၊ စာသင်ကျောင်းကသင်ပေးတာရောကြောင့်နေမှာပေါ့ "

💕 ချစ်သောအမောင်Where stories live. Discover now