" ခဏလေးနေကြပါဦးဗျ၊ လူကြီးတွေကအရင်ဆင်းပါစေဗျ၊ လူကြီးတွေအရင်စားကြပါစေ၊ ပြီးမှကျန်တဲ့လူတွေဆင်းကြပါခင်ဗျ၊ အေးတောင်းတို့မြမောင်တို့ရေ သေချာကြည့်ပြီးလူစီပေးကြပါဟေ့ "

ကိုသာတုတ်ကလူပျိုခေါင်းဆောင်ဖြစ်တာမို့ နိဗ္ဗာန်ဈေးကိုအဆင်ပြေပြေဖြစ်အောင်စီမံနေဟန်တူသည်။ကျန်လူငယ်တွေကလည်း ကိုသာတုတ်စီမံနေတာကိုနာခံကြပါသည်။အဘိုးအဘွားတွေကိုကျောင်းပေါ်ကအဆင်းမှာ သေချာတွဲ‌ဆင်းပေးကြသည်။

နိဗ္ဗာန်ဈေးမှာ လက်လှမ်းမမီတဲ့စားစရာတွေယူပေးကာ ‌စားစေကြသည်။ချစ်စရာကောင်းသည့်မြင်ကွင်းကလူတိုင်းကိုပီတိတွေဖြစ်စေရပါသည်။

ငြိမ်းချမ်းတို့လည်း ကျောင်းပေါ်ကဆင်းကာ မဲဖောက်မဲ့ပစ္စည်းတွေတင်ထားတဲ့စားပွဲမှာနေရာယူလိုက်ကြသည်။အရင်ဆုံးရောက်လာတဲ့အဘိုးအဘွားတွေကိုတော့ ဘုဏ်းမိုရ်ကမဲမနှိုက်စေဘဲ စိပ်ပုတီးတစ်ကုံးစီလက်ဆောင်ပေးသည်။

မဲမဖောက်သေးတာမို့ ပစ္စည်းတွေတင်ထားတဲ့မဲစားပွဲနဲ့ဘုဏ်းမိုရ်ကိုတစ်ယောက်တည်းထားခဲ့ကာအဘိုးအဘွားတွေကိုကူတွဲရင်း စားချင်တာလျှောက်စားနေလိုက်သည်။

စားစရာတွေကတော်တော်စုံသည်ပြောရမည်။တိုဟူးသုပ်၊သ‌င်္ဘောသီးသုပ်၊မုန့်ဆီကြော်၊မုန့်လုံး၊ခေါက်ဆွဲကြော်၊မုန့်လုံးကြီးကျော်၊မုန့်ဟင်းခါးသုပ်၊ပေါက်ပေါက်ဆုပ်တွေ၊အရွက်ကင်ပေါင်းကြော်တွေ တော်တော်ကိုစုံတာမို့ နိဗ္ဗာန်ဈေးလျှောက်စားတဲ့သူတွေစုံအောင်စားကြရသည်။

စားစရာတစ်ခုတစ်ခုဆိုအများကြီးလုပ်လာကြတာမို့ ကုန်အောင်တောင်မစားနိုင်ကြ။လာစားကြသူတိုင်းဗိုက်တွေပြည့်လို့နေသည်အထိပေါများလှပါသည်။

" ကိုချမ်းရေ မဲဖောက်ရအောင်၊ ငါ့ကိုလာကူပါဦးဟ "

လူကြီးပိုင်းအဖြတ်တွေရောက်လာပြီမို့ ဘုဏ်းမိုရ်ကမဲဖောက်ဖို့ပြင်သည်။မဲထည့်ထားတဲ့ခွက်ကိုတစ်ယောက်ကကိုင်ပြီး တစ်ယောက်ကပစ္စည်းပေးရမှာမို့ အဘိုးအဘွားတွေတွဲရင်း စားစရာလျှောက်စားနေတဲ့ ငြိမ်းချမ်းကိုလှမ်းခေါ်ဟန်တူသည်။

💕 ချစ်သောအမောင်Where stories live. Discover now