တံခွန် ကုက္ကား မလေးပွားကိုင်သူတွေရော ဆီမီးအုပ်ရွက်သူတွေပါပေါင်းလိုက်တဲ့အခါ လူပေါင်းငါးဆယ်ကျော်ဝန်းကျင်လောက်ရှိသွားတာမို့ လူတန်းကတော်တော်ရှည်သွားသည်ပြောရမည်။

ဒီလိုလူတန်းရှည်မှပဲ ‌ကာလသမီးတွေရွက်ထားတဲ့ ခေါင်းပေါ်ကဆီမီးအုပ်မီးရောင်ကဆက်သွားကာ မီးတန်းလိုဖြစ်လာပြီး ကြည့်ရတာမဝနိုင်အောင် လှပနေတော့တာလည်းဖြစ်သည်။

" ဟိုမြို့တားကျောင်းဆရာလေးကချောလိုက်တာဟဲ့ "

" ငါတို့ ဆရာလေးငြိမ်းချမ်းလည်းလှပါ့တော် "

ဆီမီးအုပ်ချတာကို လာကြည့်ကြတဲ့ရွာသူရွာသားအုပ်စုကြီးထဲကနေ အသံတွေကမျိုးစုံထွက်လို့နေသည်။

ငြိမ်းချမ်းတို့နှစ်ယောက်အကြောင်းကိုပြောသံကြားရတဲ့အခါ ငြိမ်းချမ်းကတော့အသာအယာပြုံးနေလိုက်ပေမဲ့ ဘုဏ်းမိုရ်ကတော့မျက်နှာကိုဘယ်နားထားရမလဲမသိတဲ့ဟန်။

တကယ်လည်း တံခွန် ကုက္ကား မလေးပွားကိုင်သူတွေကြားထဲမှာ ဘုဏ်းမိုရ်ရုပ်ကအများနဲ့မတူဘဲထင်းနေအောင်ထွက်နေတာကိုး။

တံခွန် ကုက္ကား မလေးပွားကိုင်သူတွေလူပျိုတွေအားလုံး သပ်သပ်ရပ်ရပ်နဲ့ကြည့်ကောင်းကြတာမှန်ပေမဲ့ တောသူတောသားအလုပ်ကြမ်းလုပ်ကြရသူတွေဆိုတော့ မြို့ကသူဌေးသားလည်းဖြစ်တဲ့အပြင် နဂိုရုပ်ကလည်းချောတဲ့ ဘုဏ်းမိုရ်ကိုတော့မယှဉ်နိုင်ကြဘူးပေါ့။

ဒါ့ကြောင့်လည်းရွာထဲကလှပျိုဖြူတွေကြားမှာ တိုးတိုးတစ်ဖုံကျယ်ကျယ်တစ်မျိုး ဘုဏ်းမိုရ်ကရေပန်းစားပေတာပဲ။

" ကဲ ဘုန်းကြီးကျောင်းပေါ်ကိုတက်ကြမယ်ဟေ့ "

အောက်လင်းဓာတ်မီးကြီးကိုင်ပြီး မီးပြနေတဲ့ လူပျိုကြီးကိုသာတုတ်ဆီကအသံကြောင့် ရှေ့ဆုံးကကြေးစည်ထမ်းပြီးတီးသူနှစ်ယောက်ဘုန်းကြီးကျောင်းပေါ်ကိုတက်ဖို့ပြင်ကြသည်။ငြိမ်းချမ်းတို့လည်း တဖြေးဖြေးနဲ့ပင်ဘုန်းကြီးကျောင်းပေါ်ရောက်လာကြသည်။

ဘုန်းကြီးကျောင်းပေါ်ကိုရောက်လာတော့ ဆရာတော်ကိုကန်တော့ကြမည့် လှူဖွယ်ပစ္စည်းတွေစုပြီးတင်ထားတဲ့စားပွဲဝိုင်းတွေကိုတွေ့ရသည်။စားပွဲဝိုင်းနှစ်ခုသုံးခုနဲ့တင်ထားရလောက်အောင်ပင် လှူဖွယ်ဝတ္ထုပစ္စည်းတွေကပေါများလှပေမဲ့တန်ဖိုးရှိတဲ့ပစ္စည်းရယ်လို့တော့ သိပ်ပြီးများများစားစားမပါ။

💕 ချစ်သောအမောင်Onde histórias criam vida. Descubra agora