နှုတ်ဆက်ပါတယ် အမိမြေရေ
ကိုယ်ဒီလိုပြောတော့ အမိမြေက သက်ပြင်းချတယ်
သူ့ကိုစွန့်ခွာသွားမယ့် လူတစ်ယောက်ကို တားချင်နေမလား မတတ်သာလို့သာ လွှတ်ပေးရ
သူ့မြေကနေ လူတစ်ယောက်ခွာတိုင်း အမိမြေလဲသောကဝေမှာပေါ့
ကိုယ့်ကို သဘောကျနှစ်သက်တဲ့သူ ခင်မင်တဲ့သူရယ်လို့ အရေအတွက်ကို လက်ချိုးရေလို့ရတဲ့ပတ်ဝန်းကျင်မှာ ကိုယ်ရှင်သန်ခဲ့တာ
ခုတော့ ကိုယ်နဲ့ ဘာသာစကားမတူ ယဉ်ကျေးမှုလဲကွဲပြား သဘောကျခင်မင်တဲ့သူတောင် ရှိလာပါ့မလားမသိတဲ့ အရပ်ဒေသမှာ တစ်ယောက်ထဲလဲ ရှင်သန်နိုင်အောင်ကြိုးစားနေထိုင်ရုံသာ.....
ကိုယ်ကြောက်ပြီး စိတ်ဓာတ်တွေပြိုလဲနေတဲ့အကြောင်း ရင်ဖွင့်မိတော့
ဩစတြေးလျပြန်ဆိုတဲ့ဂုဏ်ပုဒ်ကြီးကိုစွန့်လွှတ်ပြီး တောထဲတစ်နေရာမှာ လက်နက်ကိုင်နေတဲ့ သူငယ်ချင်းက ဟားတိုက်ရယ်တယ်
"တောထဲက ကလေးတွေကို အားနာပါဦးဟာ" တဲ့
ဟုတ်ပါရဲ့ ဖွဖွပဲပြုံးမိတော့တယ်
ခေတ်ဆိုးခေတ်ပျက်မှာ ကိုယ်ပြိုလဲနေတဲ့အကြောင်းကိုတောင် လွတ်လွတ်လပ်လပ် ရင်ဖွင့်ပြီး မငြီးငြူနိုင်ပါ့လားနော်
ဒီတော့လဲ Facebook မှာတင်နေကျစကားလေးကိုပဲ တစ်ယောက်ထဲခပ်တိုးတိုးရွတ်မိပြန်တယ်....
"မင်းအောင်လှိုင်က မအေလိုးးးး
မအေလိုးးးးးးက မင်းအောင်လှိုင်" လို့........
အသံကျယ်ကျယ်နဲ့များ အော်လိုက်ရရင် ရင်ဘတ်ထဲက တင်းကြပ်နေတာတွေများ
လျော့သွားမလားလို့ တွေးမိတယ်
သေချာတာတော့ အင်းစိန်ထောင်ပေါ့
ဒီတော့လဲကန်ဘောင်မှာ သွားအော်ချင်တဲ့စိတ်ကို ဘရိတ်အုပ်ရပြန်တယ်.....
ကိုယ်ဟာ သူရဲဘောကြောင်တတ်သူတစ်ယောက်ပါပဲလားနော်....
ဘာပဲဖြစ်ဖြစ် နှုတ်ဆက်ပါတယ် အမိမြေ
ဘယ်နေ့ဘယ်ရက်မှာ အမိမြေရဲ့ရင်ခွင်ထဲ ပြန်လာဖြစ်မလဲ ကိုယ်သေချာမသိဘူး
ပြန်မလာဖြစ်တော့တာလဲ ဖြစ်နိုင်တာပဲ
အမိမြေကတော့ စွန့်ခွာထွက်သွားနိုင်သူတိုင်းကို
မနာကျည်းဘူးမှလား............
Candy
(20.10.2022)
Just my random thoughts...
