"ရပါတယ် ကိုမင်းရဲ့....ငှားသွားလေ..."

မင်းသွန်းညှာ လဲ အိတ်ကိုလွယ်ကာ ဘယ်ဘက်လက်ထဲတွင် ငှားလာသောစာအုပ်ကိုပိုက်၍ ဆိုင်မှထွက်လာခဲ့လေသည်။သူ နေသည့် တိုက်ခန်းက သူ၏ ကိတ်ဆိုင်နှင့် သုံးဘလောက်အကွာတွင်သာရှိသည်မို့ ညနေတိုင်းလမ်းလျှောက်ပြန်ဖြစ်သည်။အသက်၂၅နှစ်မျှသာရှိသေးသော်လဲ မင်းသွန်းညှာသည် သူ့ကိုယ်သူအဖိုးကြီးပေါက်စလေးလိုပင်သဘောထားကာ ကျန်းမာရေးလေးလိုက်စားလိုက်၊ ကိတ်လေးလုပ်လိုက်၊ အားလျှင်တရားထိုင်ခြင်း၊ ယောဂကျင့်ခြင်း စသည်တို့ကိုသာပြုလုပ်တတ်လေသည်။အခြားကောင်လေးများကဲ့သို့ club ၊ bar သွားရမည့်အစား သူသွားသည့်နေရာများက သူ၏ကိတ်မုန့်ဆိုင်၊ သူ၏တိုက်ခန်း၊ မိဘမဲ့ဂေဟာနှင့် ပန်းခြံတို့သာ။

မင်းသွန်းညှာသည် သူ၏တိုက်ခန်းအောက်သို့ရောက်သော် ဓာတ်လှေကားရှိရာဆီလျှောက်သွားလိုက်သည်။သူသည် ၇လွှာတွင်နေသူမို့ ဓာတ်လှေကားတော့စီးရလေသည်။မနက်ပိုင်းတွင် ရိုးရိုးလှေကားဖြင့်အဆင်းအတက်လုပ်သော်လဲ ညနေပိုင်း၊ ညပိုင်းများတွင်တော့ ဓာတ်လှေကားသာသုံးဖြစ်လေသည်။

ဓာတ်လှေကားထဲရောက်သော် နံပါတ်၇ ကိုနှိပ်ကာ လက်ထဲကစာအုပ်၏အဖုံးကိုကြည့်ရင်း နေ့ခင်းကဖတ်ခဲ့သောဇာတ်လမ်းလေးကိုပြန်စဥ်းစားနေမိသည်။စာအုပ်၏အဖုံးလေးတွင် ကြယ်များစုံလင်နေသော ကောင်းကင်ပုံ ရေးဆွဲထားသော်လဲ စာအုပ်ထဲရှိဇာတ်ကြောင်းကတော့ မရိုးရှင်းနေပေ။

ထိုစဥ်မှာပင် ဓာတ်လှေကားထဲတွင် မီးများတဖြတ်ဖြတ်ဖြစ်ကာ မီးများ ပျက်လိုက်လင်းလိုက်ဖြစ်လေသည်။ပြီးနောက် ရွေ့လျားနေသော ဓာတ်လှေကားမှာ တုံ့ကနဲရပ်သွားလေသည်။မင်းသွန်းညှာလဲ မျက်လုံးပြူးကာ ဓာတ်လှေကားနံရံနားကပ်၍အော်နေမိသည်။

     "လူရှိလား....လူရှိလား...ဘယ်သူရှိလဲ...ကျွန်တော်ပိတ်မိနေလို့ပါ...ကျွန်တော်ပိတ်မိနေလို့ကယ်ကြပါဦး...ကယ်ကြပါဦး...."

သူ့အသံတွေပြာဝင်မတတ်အော်နေသော်လဲ ဘယ်သူမျှမရှိချေ။ထိုစဥ်မှာပင် ဓာတ်လှေကားသည် အမြင့်မှပြုတ်ကျသလိုမျိုး ဖြစ်ကာ ဝုန်းကနဲ အသံနှင့်အတူ ဓာတ်လှေကား မှာ ဟိုးအောက်ဆုံးထပ်ဆီသို့ အရှိန်နှင့်ကျဆင်းသွားလေသည်။

ငါကဗီလိန်! [Uni + Zaw]Where stories live. Discover now