"ဟုတ်လား သား စိတ်ဝင်စားတယ် မေသက်"

"ဒါဆို ရှေ့အပတ်ထဲမှာ မေသက်တို့ သွားကြရအောင်"

"ဟုတ်ကဲ့ မေသက်"

ဆရာမကြီးဆီ ခေါ်သွားပေးမည်ဟူသည့် မေသက်စကားကြောင့် ရောဂါတစ်ဝက် သက်သာသွားသလိုပင် ခံစားသွားရသည်။ ထိုအိမ်မက်တွေအကြောင်း သိချင်ပြီး အိမ်မက်ထဲက လူသားနှစ်ယောက်၏ အလိုဆန္ဒတွေကို ဖြည့်ဆည်းပေးချင်သည်။

သူ ဒီအိမ်မက်တွေ ဆက်မမက်လိုတော့ပါ။

"ကဲပါ မျက်နှာသစ် ရေမိုးချိုးပြီး အောက်ဆင်းလာခဲ့။ အလုပ်သွားရဦးမှာမလား။မေသက် breakfastပြင်ထားမယ် "

"ဟုတ်ကဲ့ မေသက်"

မေသက်က ရေမိုးချိုးပြီး အောက်ကို ဆင်းလာခဲ့ဖို့ပြောပြီး အခန်းထဲက ထွက်သွားသည်။ သူ တစ်ယောက်တည်းသာ အခန်းထဲ ငူငူငိုင်ငိုင်နှင့် ကျန်နေရစ်ခဲ့ရသည်။

"ဒီနေ့အလုပ်သွားရဦးမည်"ဟူသည့် အသိတစ်ချက် ခေါင်းထဲဝင်လာသည်နှင့် အိမ်မက်အကြောင်းများ စဉ်းစားရန် အချိန်မပေးနိုင်တော့ပေ။ ရေချိုးခန်းထဲဝင်ကာ မျက်နှာသစ် ရေချိုးရသည်။ ရေချိုးခန်းထဲမှ ထွက်လာသည်နှင့် အိပ်ယာပေါ်မှာ ရှိနေခဲ့သည့် လက်ကိုင်ဖုန်းလေးရှိရာဆီသို့ လက်က အလိုလိုရောက်နှင့်ပြီးသားပင်ဖြစ်သည်။

ဒီအချိန်ဆို ဦးဆီက စာလာနေကျမဟုတ်လား။ထင်ထားသည့်အတိုင်းပင်။ "ချာတိတ် ကိုယ်လာကြိုမယ်နော် အိမ်ကပဲစောင့်နေနော် ချစ်တယ် ချာတိတ်"ဟူသည့် စာတိုလေးတစ်ကြောင်းအား ဖတ်ရင်း အက္ခရာ သဘောတကျပြုံးမိပြန်ပါသည်။ ချစ်တယ်ဟူသည့် စကားဟာ စိတ်ကိုကြည်နူးစေသည်မှာ အမှန်ပင်။ ပျော်ရွှင်ရသည်။ ဦးထံမှ "ချစ်တယ်"ဟု အပြောခံရတိုင်း ရိုးအီသွားတယ်ဆိုတာ မရှိခဲ့။ အက္ခရာ ရေစိုနေသောလက်ဖြင့် စာတိုတစ်ကြောင်း ခပ်သွက်သွက်ရိုက်ကာ ဦးဆီသို့
ပို့လိုက်သည်။

"ကြာလိုက်တာ သားရယ်"

ထမင်းစားခန်းထဲဝင်သည်နှင့် ဖေဖေ၏ အသံကို ပထမဦးစွာ စကြားရပါသည်။ စားပွဲပေါ်မှာ တင်ထားသည့် ကော်ဖီခွက်နှင့် ပေါင်မုန့်များ အရာမယွင်းသေးပုံထောက်လျှင်တော့ ဖေဖေနှင့် မေသက် သူ့ကို စောင့်နေကြပုံပင်။ စောင့်နေကြသည်ဟူသည့် အသိကြောင့် အားတုံ့အားနာပင် ဖြစ်သွားရသည်။

ခွင့် (Unicode+Zawgyi)Where stories live. Discover now