Chapter-13(U+Z)

233 18 33
                                    

အဌမတန်းစာမေးပွဲဖြေပြီး၍ နွေရာသီတစ်ခုလုံးက ပျော်စရာတွေနှင့်ပင် ပြည့်နှက်နေခဲ့ရသည်။နွေကျောင်းပိတ်ရက်တွင် ကျောင်းလည်းတက်စရာမရှိတာမို့ အမေ့ကိုလည်း ပို၍ အလုပ်ကူညီနိုင်ခဲ့သည်။

ချစ်ချစ်တောက်ပူသည့် အညာဒေသ၏ အပူရှိန်ကို အတန်ကြာအောင် ဖြတ်ကျော်ခဲ့ပြီးနောက် စိန်ပန်းပွင့်များ ရဲရဲနီအောင် ပင်လုံးကျွတ်ပွင့်သည့် နွေနှောင်းအလွန် မိုးဦးကာလ ရောက်လာခဲ့ပြီဖြစ်သည်။စိန်ပန်းပွင့်များ ပွင့်လျှင် ကျောင်းပြန်ဖွင့်တော့သည်။အတန်းသစ်အတွက် ရင်ခုန်နေမိပေမယ့် စိတ်ညစ်ရပြန်သည်။ကိုးတန်းကျောင်းတက်ရမည့် အချိန်ရောက်တော့ နောင်ရိုးအတွက် ပြဿနာတစ်စခန်းထတော့သည်။ပြဿနာက အခြားမဟုတ်ပေ။ ကျောင်းသို့ နေ့ချင်းပြန်သွားတက်ရန် စက်ဘီးမရှိသောကြောင့် ဖြစ်သည်။ရွာရှိအလယ်တန်းကျောင်းလေးမှာ ရှစ်တန်းအထိသာ ဖွင့်ထားသည်။ကိုးတန်းတက်ရန် ရွာ၏ မြောက်ဘက်ရှိ ကျေးရွာလေးတွင် သွားတက်ရမည်ဖြစ်သည်။ကျေးရွာဟု ဆိုသော်လည်း မြို့တစ်မြို့ကဲ့သို့ ဖွံ့ဖြိုးတိုးတက်နေသော ရွာဖြစ်သည်။ထိုကျေးရွာတွင် စာတိုက်ရှိသည်။ကျေးလက်ဈေးရှိသည်။အိတ်ချိန်းရုံးလည်းရှိသည်။
ထိုရွာနှင့် နောင်ရိုးတို့နေထိုင်သည့် ရွာလေးမှာ ၂မိုင်ခန့်မျှသာဝေးသည်။သွားလာရသည့်လမ်းမှာလည်း ညီညီညာညာ ချောချောမွေ့မွေ့ မရှိလှပေ။ချိုင့်ခွက်တွေနှင့်မို့ လမ်းကမညီမညာဖြစ်သည်။နွေရာသီဆိုလျှင် ဖုန်တသောသော ထနေတတ်သည်။ မိုးရာသီဆိုလျှင် ရွံ့ဗွက်တွေနှင့် သွားဖို့ပင် စိတ်ညစ်စရာကောင်းလှသည်။နောင်ရိုးသစ် ထိုရွာသို့ တစ်ကြိမ်တစ်ခါသာရောက်ဖူးသည်။ရောက်ဖူးသည်ကလည်း တခြားအကြောင်းကြောင့်မဟုတ် ဗိုက်အောင့်ကာ မနေနိုင်လွန်း၍ ဆေးခန်းသွားပြရခြင်းဖြစ်သည်။

တခြား‌ရွာတွင်သွား၍ တက်ရမည့် ပထမဆုံး ကျောင်းတက်ရက်မို့ နောင်ရိုးသစ် ရင်ခုန်နေမိသည်။အိပ်ယာမှ ကမန်းကတန်းထကာ မျက်နှာသစ်ပြီး မနက်စာစားလိုက်သည်။ပြီးနောက် အမေဝယ်ပေးထားသည့် အဖြူရောင်ရှပ်လက်ရှည်နှင့် ကျောင်းစိမ်းပုဆိုးလေးကို သပ်ရပ်စွာ ဝတ်ဆင်လိုက်သည်။

ခွင့် (Unicode+Zawgyi)Where stories live. Discover now