~~~~~~~~~~~~~~~~~~~
သလ္လကပြည် မြို့တွင်းတစ်နေရာ..

"အကိုကြီး ဒီကိစ္စကြီးကတော့.."

မောင်ခုက ထပ်ပြောချင်ပေမဲ့ သူ့အကိုကြီးရဲ့ မျက်နှာထားတည်တည်ကိုကြည့်ရင်းစကားကိုအဆုံးသတ်လိုက်ရသည်။

သို့သော် မနေနိုင်တဲ့ မောင်ဆံငင် က ထပ်ပြောပြန်သည်။

"ဘာပဲ ပြောပြောအကိုကြီးရယ်.. ဒါကြီးကတော့.. ဘယ်လိုလုပ်ပြီး ကိုယ့်အရှင်သခင်ကို.."

"အရှင်သခင် ဆိုရအောင် သူတို့က ကျုပ်တို့ကို ဘာအကျိုးပြုလို့လဲ.. ကျုပ်တို့ဆီကအခွန်တွေမတန်မဆကောက်တယ်. ကျုပ်တို့ရှာထားတဲ့ရိက္ခာတွေကိုသိမ်းတယ်.. ဘာများကောင်းကျိုးပြုဖူးလို့လဲ.."

စိတ်ဆတ်တဲ့ မောင်ပည က ဒေါသတကြီးနှင့်ထပြောလိုက်
ရုံမက ဘေးက ခြင်းတောင်းတွေကိုပါကန်လိုက်သေးသည်။

"ဒင်းတို့က ရှင်ဘုရင် ရှင်ဘုရင် အရှင်သခင် အရှင်သခင်နဲ့ ဘာဘုရင်လဲ ဘာသခင်လဲ... ဘုရင်သွေးကမွေးလာတိုင်း အလုပ်အကျွေးပြုနေရတာ သောက်ဓိပ္ပါယ်ကိုမရှိဘူး.. "

"ဒါပေမဲ့ဗျာ.. ကျုပ်တို့က ကိုယ့်တိုင်းပြည်ကိုယ်.."

"အေး အဲ့တိုင်းပြည်ကလည်း ကျုပ်တို့မဟုတ်တောင် ခုတခြားလူက ယူတော့မှာပဲ.. ချင်းချောင်တွေဝင်လာတာခုဆိုရွာနီနားထိရောက်နေပြီ.. ရွာနီသာကျသွားပြီးရင် မြို့တော်ကပါသွားပြီဆိုတဲ့သဘောပဲ... ဒီနိုင်ငံ ဒီဘုရင်က ခများတို့ကိုဘာမှမလုပ်ပေးနိုင်တော့ဘူး သူတို့တောင် လွတ်လမ်းရှာ ထွက်ပြေးတော့မယ်ဆိုတဲ့သတင်းတွေပျံ့နေတာမကြားဘူးလား.. မောင်ဆံငင်ရာ ခများ အတွေးမတိမ်စမ်းနဲ့"

"...."

"ခများတို့မလိုက်ချင်နေခဲ့.. ကျုပ်ကတော့ သေမထူးနေမထူးပဲ.. လုပ်နိုင်တာအားလုံးလုပ်ပြီး အသက်ဆက်ရှင်ရမှာပဲ"

မောင်ဆံငင်က နုပျိုငယ်ရွယ်သလောက် စိတ်ဆတ်ဒေါသကြီးတဲ့ ကောင်လေး မောင်ပညကို ကြောင်ငေးကြည့်နေမိသည်။

ဆံပင်ခွေခွေတွေက ပခုံးနားမထိတထိကျနေပြီး နဖူးပေါ်မှာ ဖျင်စငယ်ဖြင့် ပတ်ထားသည်။
ဖျင်စငယ်ဘောင်ကွပ်ထားတဲ့အောက် မျက်လုံးတွေကတော့ ကျားတစ်ကောင်ရဲ့မျက်ဝန်းတွေလိုစူးရဲတောက်ပနေသည်။ ဖြောင့်စင်းတဲ့နှာတံအောက် နှုတ်ခမ်းပါးတွေကတော့ ခေါင်းမာပြီးပြတ်သားတဲ့ကောင်လေးအဖြစ်တိတိကျကျဖော်ပြနေသည်။

ဒီကောင်လေးက သူတို့ထက်ငယ်သည်။ သို့သော် သူတို့ထက်သာမက သူကြွယ် အရာရှိမိသားစုမှသားသမီးများထက် ဉာဏ်ရည်ထက်မြက်သည်။ ပြီးတော့ရဲရင့်ပြတ်သားသည်။ သူတို့လို အောက်ခြေလူတန်းစားမိသားစုမှာမဟုတ်ဘဲ အလယ်အလတ်ကုန်သည်မိသားစုမျိုးတွင်မွေးဖွားခဲ့ရင်တောင် မင်းအရာရှိ၊ ပညာရှင်၊ သို့မဟုတ် စစ်သူကြီးတစ်ဦးအဖြစ် နာမည်ထင်ပေါ်ကျော်ကြားမည့်သူမျိုးဖြစ်သည်။ 

ခုတော့ ဒီကောင်လေးက သူတို့လို ဓားပြမကျ သူခိုးမက အဖွဲ့ကိုခေါင်းဆောင်ဦးဆောင်ပြုပြီး ခုလိုခေတ်ကာလဆိုးကြီးမှာ သူတို့နှင့် သူတို့မိသားစုများ မငတ်ရအောင် စောင့်ရှောက်ပေးနေရသူဖြစ်ခဲ့သည်။

သူတို့ အိမ်ခြေရာမဲ့ အောက်ခြေအဖွဲ့သည် အဖွဲ့ဝင် ၂၀ကေျာ်ပါဝင်သည်။ 
ဒီကောင်လေးကိုအားပြု၍သာ သူတို့မိသားစုတွေ မငတ်အောင်ထားနိုင်တာမှန်ပေမဲ့ ခုတော့ ဒီကောင်လေးက အန္တာယ်များလွန်းတဲ့ ပြီးတော့သူ့အမြင်အရဆို မလုပ်သင့်တဲ့ကိစ္စကြီးကို ရည်ရွယ်နေခဲ့ပြီ ... 

အကြီးလေးဆုံးပြစ်မှုဖြစ်တဲ့ နိုင်ငံအရှင်သခင်ကို......

"ခများဆို့ဘာမှအတွေးများမနေနဲ့..တကယ်တော့ ဒီတိုင်းပြည် ဒီဘုရင်မျိုးနွယ်ကရီရတယ်.. သူတို့သာ နန်းတွင်းထဲမှာ နေရာတွေလုပြီး အကွက်တွေမျိုးစုံရွှေ့နေပေမဲ့ နောက်ဆုံးကျ ကျုပ်တို့ အောက်ခြေသူခိုးအဖွဲ့ကိုပဲလာပြီး အကူအညီတောင်းနေရတာပဲ.. သူတို့အချင်းချင်းသာ ပရိယာယ်တွေသုံးနေပေမဲ့ ကျုပ်တို့ကအကုန်သိနေရတယ်... ဒါပေမဲ့ ဒါတွေကျုပ်စိတ်မဝင်စားတော့ဘူး..ဒီတိုင်းပြည်ဘာဖြစ်ဖြစ် ကျုပ်တို့လုပ်စရာကျုပ်တို့လုပ်မယ်..ငွေယူမယ်.. ပိုပြီးကောင်းကောင်းမွန်မွန်အသက်ရှင်မယ်.. ဒါပဲ.. ကျုပ်ကိုယုံကြည်ရင်ကျုပ်နောက်လိုက်ကြ.."

အားလုံးက ခေါင်းတငြိမ့်ငြိမ်နဲ့ ဆုံးဖြတ်ချက်တွေခိုင်မာကုန်သည်။ သူတို့ခေါင်းဆောင်ငယ်လေးက ဘယ်လောက်တော်တယ် ထက်မြက်တယ်ဆိုတာ ယုံကြည်ပြီးသားစိတ်ရင်းခံတွေက ဒီကောင်လေးရဲ့ စကားတစ်ခွန်းနှစ်ခွန်းနဲ့တင် ပိုပြီးရဲရင့်သွားကြသည်။ သေလည်းမထူး ရှင်လည်းမထူးတဲ့ သူတို့ဘဝမှာ နေရောင်ခြည်လိုမျှော်လင့်ချက်သည် ဒီခေါင်းဆောင်ကောင်လေးကလွဲ၍ မရှိ.. 
အခုလည်း ဒီခေါင်းဆောင်လေးက သူတိူ့ကိုကာကွယ်မှာဆိုတဲ့စိတ်နဲ့ စိတ်ချလုံခြုံနွေးထွေးသွားတော့သည်...

Once Upon A TimeOù les histoires vivent. Découvrez maintenant