ညီညီလည်းနှလုံးသားလူပဲ။ ချစ်တတ်သွားရင် သဝန်တိုတတ်လာတာပေါ့။ သူတို့အနမ်းမှာ သူတို့စိတ်တွေပျော်ဝင်နေ မနေဆိုတာ သူတို့ကိုယ်တိုင်ပဲသိမှာ။

"ငါ့ချစ်သူကငါ့ကိုပဲချစ်တာပါ"လို့တွေးမိတာနဲ့တပြိုင်နက် အဲ့တာကိုယ့်ဘက်ကစပြီးမလုံလာတာပဲ။ သူ့အချစ်အပေါ်မှာကိုယ်စပြီး သံသယဝင်လာတာပဲ။ သူတို့နှစ်ယောက်စိတ်ချင်း ပြန်နီးစပ်သွားကြရင်ဆိုတဲ့အတွေးတွေက ညီညီ့ကိုခြိမ်းခြောက်လာတော့မည်။

"ဇေသုခ.... ညီညီ့ကိုပြန်ခေါ်သွားလိုက်တော့"

ဇေက ညီညီ့အနားမှာလာရပ်သည်။ ညီညီ့အဖြေကိုစောင့်နေသည့်သဘော။ ညီညီလည်း ဒီမှာဘာလာလုပ်နေမလဲ။ ပြန်ရုံပေါ့။ ဒီနိုင်ငံကဲ့ကမ္ဘာကျော်တစ်ယောက်မို့လို့ လူအာရုံစိုက်ခံရတယ်
ဖြစ်ဦးတော့ ဒီရိုက်ကူးရေးမှာ ကိုယ်ကအပြင်လူပဲလေ။

ကားပေါ်မှာလည်း ညီညီငြိမ်ပြီးလိုက်လာခဲ့သည်။ အတွေးတွေရယ်လို့ အရပ်ရပ်အဖက်ဖက်ကိုဖြန့်ကျက်နေကြပြီး ဘာတွေတွေးနေမိမှန်းလဲမသိ။ ဟိုရောက်လိုက်ဒီရောက်လိုက်။

သက်ပြင်းတွေလည်းဘယ်နှစ်ခါချမိမှန်းမသိ။
ထိုချိန် ကားရပ်လိုက်တာတော့သိသည်။ တစ်ခုခုဝင်စရာရှိလို့နေမှာဟုတွေးမိလိုက်ပြီး မှန်ကိုကျော်လို့အပြင်ဘက်ကြည့်မိမှ အိမ်ကြီးတွေသာရှိသည့်လမ်းဘေးမှာဖြစ်နေသည်။ တစ်ဖက်လူဆီမှ ချလောက်ချလောက် အသံသေးသေးလေးတွေလည်းကြားရသည်။

"ရော့ နေ့ခင်းဆေး သောက်လိုက်ဦး"

ညီညီ့ရှေ့မှာ လက်ဖဝါးတစ်ခုကဖြန့်လာသည်။ ထိုလက်ဖဝါးပေါ်တွင် ဆေးအတောင့်အချို့ပါသည်။ ဟိုးတစ်ခါဆေးရုံတက်ပြီးကတည်းက နေ့တိုင်းရက်ဆက်သောက်နေရသည့်ဆေးတွေပင်။ ညီညီမသောက်ချင်ဘူးငြင်းလည်း ဇေကအတင်းတိုက်သည်။

"ပြောတော့ ရောဂါက​သေးသေးလေးဆို။ ဆေးတွေကဘယ်ချိန်ထိသောက်နေရဦးမှာလဲ။ ဟင်း ရင်ဘတ်ထဲကအောင့်တာမျိုးမရှိတော့ပါဘူး"

​ညီညီအထွန့်ပြန်တက်လိုက်ပေမယ့် ဆေးတောင့်များကိုတော့ ယူလိုက်ပါသည်။

IDOLWhere stories live. Discover now