"မမ နင် အငယ့်ရဲ့ တွယ်တာမှုတွေကို သတိထားမိခဲ့တယ်မဟုတ်လား... ငါလည်း အငယ့်ထက် မပိုတောင် သူ့ထက်မလျော့တဲ့ ခံစားချက်တွေ ငါ့မှာပြည့်လို့... ငါ ဒီလမ်းကို ရအောင်ဆက်လျှောက်မယ်"

မမထွေးညိုက သက်ပြင်းရှည်ကြီးတခုချလိုက်ကာ ပါးပေါ်လိမ့်ဆင်းကျလာနေသော မျက်ရည်စတို့ကို လက်နှင့်ပွတ်သုတ်ပစ်လိုက်ပြီး

"ငါ မတားပါဘူး... ဒါပေမဲ့ ... ဟို... နင်နဲ့ အငယ် ဒီ..ဒီရွာမှာ မနေတော့ဘဲ ရန်ကုန်မှာပဲဖြစ်ဖြစ်.."

"မမ!!! နင် ဘယ်လိုများပြောလိုက်တာလဲ... အငယ်က ဒီရွာကိုဘယ်လောက်တောင်မှ ချစ်လိုက်လဲ နင် အသိဆုံး... ရွာနဲ့ အကြာကြီးခွဲရရင်တောင် ဖျားတတ်တဲ့ကလေး... ငယ်ငယ်လေးကတည်းက ရွာနဲ့ ရွာကလူတွေကိုထိရင် ဆတ်ဆတ်ထိမခံဖြစ်နေတတ်ပြီး ရေကြည်အေးမှ ရေကြည်အေး ဖြစ်နေတဲ့ မြသားမောင်လေးကို ဒီရွာကထွက်သွားခိုင်းရမယ်တဲ့လား"

"အေး... ဟုတ်တယ် ငါတို့အသိဆုံး!!! ... အဲ့ဒါကြောင့်မလို့ပဲ ပိုပြီးသွားစေချင်တာ... သူချစ်လှပါချည့်ရဲ့ ဆိုတဲ့ရွာနဲ့ သူခင်တွယ်နေတဲ့ ရွာကလူတွေက သူ့ကိုကဲ့ရဲ့ အပြစ်တင် နှိမ့်ချတာမျိုးတွေ လုပ်လာခဲ့ရင် သူဘယ်လိုခံစားရမလဲ...ဟင်... နဂိုကတည်းကမှ စိတ်နုတဲ့ကလေးက ကြာရင်လုံးပါးပါးသွားမှာမျိုး ငါမကြည့်နေနိုင်ဘူး လေးညိုရဲ့ ငါတို့အကုန် ရင်ကွဲရလိမ့်မယ်ဟဲ့ နင်သိရဲ့လား!!"

မမထွေးညိုက ပြောရင်း ရှိုက်ကြီးတငင်နဲ့ ငိုလေတော့သည်။

"အဲ့ဒါအကုန် နင့်ကြောင့် လေးညို... နင်သာမစခဲ့ရင် အငယ်ကလည်း ဒီတိုင်းလေးပဲနေမဲ့ကလေး... နင်အခု နင့်ဇာတ်နင်နိုင်ရဲ့လား ဟမ်!"

"ဟုတ်တယ်...ငါ့ကြောင့်... ငါလည်း လူတွေထဲကလူတယောက်ပဲ ငါ့ခံစားချက်ငါ မထိန်းချုပ်နိုင်ဘူး... မြတ်နိုးတယ်...လိုချင်တယ်...ပိုင်ဆိုင်ချင်တယ်... ငါတို့မှာရော ဘာလို့ အဲ့ဒီအခွင့်အရေးမျိုးမရှိရမှာလဲ... ငါ့ဇာတ်ကိုငါ နိုင်အောင်ကမယ်... မြသားမောင်ကို ရေကြည်အေးကနေ ဘယ်တော့မှ ခွဲမထုတ်သွားဘူး... ဒီရွာကနေ ငါတို့ ဘယ်မှမသွားဘူး!!!"

"တော်ကြတော့!"

ထိုအသံနှင့်အတူ အဖေနဲ့ အမေက လှေခါးဝဆီမှ ပေါ်လာသည်။

Mya Thar Maung (From Yae Kyi Aye)Where stories live. Discover now