နာရီဝက်လောက်အချိန်ကုန်ပြီးနောက် ဒေါ်မြတ်ထားတို့အိမ်ဆီ ရောက်လာသည်။ အိမ်တံခါးလည်း ပွင့်နေတာမို့ ကားကို အထဲထိပဲ မောင်းဝင်လာလိုက်တယ်။
တည်တံ့နောင် အိမ်ထဲဝင်လာတော့ တစ်အိမ်လုံးက တိတ်ဆိတ်နေသည်။ မနက်ထဲက ဒီအချိန်လာခဲ့မည် ပြောထားသည်မို့ တည်တံ့နောင်တောင် ကြောင်သွားသည်။ အိမ်တံခါးကြီးဖွင့်ထားပြီး လူတွေလည်း ရှိပုံမပေါ်ပေ။ဖုန်းဆက် အကျိုးအကြောင်းမေးဖို့ ဖုန်းကို ဖွင့်လိုက်မှ ခုဏက သတိမထားမိလိုက်တဲ့ ဒေါ်မြတ်ထားခေါ်ထားတဲ့ အဝင်ဖုန်းCallတွေရယ် messageတွေရယ် တွေ့ရသည်။ဒေါ်မြတ်ထား အခုလို အချိန်တွေ ဟိုရွှေ့ဒီရွှေ့လုပ်တာ သဘောမကျပေမယ့် ဒီတစ်ခေါက်က ကိုယ်တိုင်ရဲ့ အပြစ်လည်း မကင်းတာမို့ တည်တံ့နောင်က သက်ပြင်းသာ ချမိသည်။
အိမ်ရှင်တွေ မရှိတာ သေချာမှတော့ ချက်ချင်း လှည့်ပြန်ဖို့ ခြေလှမ်းကို ဦးတည်လိုက်သည်ဆိုရုံမျှနှင့် ထမင်းစားခန်းဘက်ဆီက ပစ္စည်းပြုတ်ကျသံ ကြားလာရသည်။ပြုတ်ကျသံဆိုတာထပ် လက်နဲ့တိုက်မိပြီး ပြိုလဲသံဆို ပိုမှန်လိမ့်မည်။
" လေးမြတ်လွန်း "
တည်တံ့နောင်က ချက်ချင်းပင် အနားရောက်လာသည်။ လေးမြတ်လွန်းက တည်တံ့နောင် ရောက်နေသည်ကို အခုမှ သတိထားမိပုံနဲ့ အံ့သြနေဟန်ရှိသည်။
" လူမရှိဘူး ထင်နေတာ။"
" အန်တီမြတ်ထားက အရေးကြီး ကိစ္စရှိလို့ အပြင်သွားတယ်။ "
လေးမြတ်လွန်းအသံက နှာခေါင်းသံပါနေကာ စကားသံကလည်း ယိုင်နေသည်။ နှုတ်ခမ်းကလည်း အနည်းငယ် ဖြူနေကာ မျက်ခမ်းစပ်တွေက ရဲနေသည်။သေချာပေါက် ဖျားနေတာပဲ။
"အင်း ... သိတယ်။ ပစ္စည်းတွေ ပြုတ်ကျသံကြားလို့ ဝင်ကြည့်တာ တော်သေးလို့ပေါ့ကွာ။ "
စားပွဲပေါ်မှာရော ကြမ်းပေါ်မှာပါ ပန်းကန်တွေကျနေပြီး နွားနို့တွေလည်း မှောက်နေတာမို့ တည်တံ့နောင်က ပြောလိုက်သည်။