' မလွန်ဆန်နိုင် နှလုံးသားထဲ ရစ်နှောင်တွယ်
ပတ်လို့ဖြင့်ထားတော့လည်း အတွေးခက်တယ် သံယောဇဥ်
ငယ်ရွယ်သူဖြစ်တော့လည်း ချစ်တာပဲ
ဦးစားပေးသိနေတယ်
အတွေးခက်တယ် ဇာတ်လမ်းမှာ .... 'ကားထဲမှာ ပျံ့လွင့်နေတဲ့ သီချင်းသံ ခပ်တိုးတိုးကို တည်တံ့နောင် ကိုယ်တိုင် ခပ်တိုးတိုး လိုက်ဆိုနေမိသည်။ မြတ်နိုးပွင့်တောင် အံ့သြတကြီး ဖြစ်ရသည်အထိပင်။
" ကို သီချင်းဆိုတာ တစ်ခါမှမကြားဖူးဘူး။ အသံ ဒီလောက်ကောင်းမှန်းတောင် မသိခဲ့ဘူး။ မြတ်နိုး အိပ်မပျော်ရင် ကို့ဆီ ဖုန်းဆက်ပြီး သီချင်းနဲ့ချော့သိပ်ခိုင်းရမယ် ထင်တယ်။ "
မြတ်နိုးပွင့်က စ, နောက်ပြောလိုက်မှ တည်တံ့နောင်က သီချင်းလိုက်ဆိုမိတာကို သတိထားမိသည်။
" ကို့ကို ကြည့်ရတာ ဒီနေ့ပျော်နေသလိုပဲနော်။ ဘာတွေ ပျော်စရာရှိလို့လဲ။ ကားမောင်းနေတဲ့ ကို့ကို မြတ်နိုးကြည့်နေတာ ... အရမ်းနူးညံ့နေလို့လေ။ "
တည်တံ့နောင်က ပုံမှန်အတိုင်း မျက်နှာက တည်သွားသည်။ ပြီးမှ စကားလွှဲပြောလိုက်သည်။
" အရင်တစ်ခေါက်က မြတ်နိုးပြောတဲ့ ယိုးဒယားစားသောက်ဆိုင်မှာ သွားစားမလား။ ဒီနေ့ လာကြိုတာနောက်ကျတဲ့အတွက် ကိုယ့်ဘက်က တောင်းပန်တဲ့အနေနဲ့ ပြန်လိုက်ကျွေးမယ်လေ။ "
" ကိုကလည်း မြတ်နိုးတို့က သူစိမ်းမှ မဟုတ်တာ။ တောင်းပန်စရာ မလိုပါဘူး။ မြတ်နိုးက နားလည်ပါတယ်။ "
" ကောင်းပါပြီ။ "
တည်တံ့နောင်က ကားကို ယိုးဒယား စားသောက်ဆိုင်ဆီကိုသာ ဦးတည်ပြီး မောင်းလိုက်သည်။ ကားမောင်းနေရင်း တွေးနေမိသည်က လေးမြတ်လွန်း ညဆေးသောက်ဖို့အတွက် အစားစားမှဖြစ်မှာမို့ Cakeငါးမျိုးလောက် မီးဖိုးချောင်မှာ ထားခဲ့တာ မမှာခဲ့မိဘူး။ ရှာတွေ့ပါ့မလား၊ ဒါမှမဟုတ် ညဆေးမသောက်ပဲများ ထိုးအိပ်သွားမလား အမျိုးမျိုးတွေးနေမိသည်။
......................