အခန်း◀၂၅▶

Start from the beginning
                                    

ဒါတွေကို စောစောကမတွေးခဲ့ဘူးလားဆိုတော့... တွေးတော့တွေးခဲ့တာပါပဲ။သို့သော်.. တွေးလျက် ဖြစ်လာမှာကိုသိလျက်နဲ့ပင် မအောင့်အည်းမမျိုသိပ်နိုင်လောက်အောင် ချမ်းကလေးကို သူချစ်မိတာကိုး။ဒီလောက်ထိချစ်မိတော့လည်း ပြန်ချစ်မှာကိုမျှော်လင့်ချင်မိသည်။အချစ်ကိုပြန်ရတော့လည်း လက်လွှတ်ရမှာကိုစိုးရွံ့ကာ ပိုင်ဆိုင်ချင်ပြန်ရော။မချစ်သင့်ဘူးလို့ ကိုယ့်ကိုယ်ကိုယ်ဆုံးမလေ ပိုချစ်လေ.. စွန့်လွှတ်ရမှာလားလို့ တွေးမိလေပိုပိုင်ဆိုင်ချင်လေ။ချမ်းကလေးရဲ့အပြုံးကိုမြင်လျင် တမန်သည် ဖြစ်သင့်တာ မဖြစ်သင့်တာ ဘာတစ်ခုမှမတွေးမိတော့ပဲ အားလုံးကိုမေ့သွားတတ်သည်။

သူ့နှလုံးသားကိုမှ သူမလွန်ဆန်နိုင်တာ... ရိုးရိုးလေးပဲချစ်မိသွားတာကို အပြစ်ဆိုကြရင်လည်း တမန့်မှာပြန်ပြောစရာစကားမရှိပါ။

ချမ်းနဲ့ဝေးရမှာကိုတော့ ကြောက်လှသည်။ဘွားက အမိန့်အာဏာကိုသုံးကာ ချမ်းကလေးကို မချစ်ရဘူးဟုတားမြစ်လာလျင် သူဘယ်လိုလုပ်ရပါ့မလဲ။ကျောင်းသွားထားမှာလောက်ကတော်ပါသေးသည်။တမြို့တရွာပေမယ့် သူလိုက်သွားချင်လျင် တွေ့မြင်ချင်လျင်အလွယ်လေး... ဒီလိုမဟုတ်ပဲ...ချမ်းကို အဝေးကြီးထိပို့ပစ်လိုက်ကာ သူဘယ်လိုမှ မလိုက်တတ် မရှာတတ်အောင်စီမံပစ်လိုက်လျင်ကော။

" လွမ်းလိုက်တာ ချမ်းရယ်..."

အိပ်ရာထဲမှာပဲ လူးလွန့်ပစ်လိုက်ကာ ခေါင်းအုံးကိုရင်ဘတ်မှာတင်းတင်းဖိလျက်ဖက်ထားပြီး တမန်ငြိမ်နေမိသည်။အိပ်လို့လည်းမရ.... မတွေးမိအောင်လည်းမနေနိုင်။ချမ်းကိုလည်း နှုတ်ဆက်စကားပင်ရေရေလည်လည်မပြောခဲ့ရ။လူတွေတဖြည်းဖြည်းစဲကာ ကျဲပါးသွားတဲ့အထိနောက်ကျအောင်နေပေမယ့် ချမ်းကလေးနဲ့နှစ်ယောက်ထဲတွေ့ဖို့အခွင့်အရေးကိုတမန်မရခဲ့ပါ။

ဒေါ်မြသက်ထားအနားမှာဝန်းရံလျက် လေးလေးသိင်္ခတို့ အန်တီဝင်နီတို့အိမ်ပေါ်တက်သွားကြတဲ့အထဲ ချမ်းလည်းပါသွားတာကို အဝေးကပင်ငေးကြည့်လျက်သူကျန်နေခဲ့သည်။ချမ်းကိုယ်တိုင်အရင်လို သူ့ကိုတီတီတာတာပူးကပ်ချွဲနွဲ့နေတာမျိုးမရှိပဲ ဘာသိဘာသာနေနေတာကိုကြည့်ရင် ...ဘွားသိသွားလို့....မသိရင်တောင် သင်ကာရိပ်မကင်းရှိနေပြီလို့ယူဆတာမို့ တမန်လည်းပဲ ဘွားမြင်သာတဲ့နေရာမှာ ချမ်းအနားကိုမသွားချင်။အိမ်ပေါ်တက်ခါနီးမှ ခိုးခိုးဝှက်ဝှက်ကလေးတစ်ချက်လှည့်ကြည့်တဲ့ချမ်းကို ပြုံးပြရုံ မျက်လုံးအကြည့်နဲ့နှုတ်ဆက်ရုံသာတတ်နိုင်လိုက်သည်။

မနီးချင်...မဝေးချင်||completed||Where stories live. Discover now