အခန်း◀၂၄▶

Start from the beginning
                                    

'' မွေးနေ့ကလည်း ကောက်ကာငင်ကာကြီး ... ချမ်းမွန်ဆီကလည်း ဘာသတင်းမှမကြားပါဘူး... ခါတိုင်းဆို ဒါမျိုးပွဲရှိလို့ကတော့ ပျော်လွန်းလို့ အရပ်ရှစ်မျက်နှာလည်ပတ်ပြီး လူတကာနားညည်းအောင် ကြွားလုံးထုတ်နေမှာများ ''

သိဒ္ဓိက တမန့်ဘေးမှာယှဉ်ရပ်ရင်း ခပ်တိုးတိုးငုံ့ကာပြောနေသည်။အအေးပုလင်းကို နှုတ်ခမ်းမှာတေ့ထားလျက်က တမန် ဘာမှပြန်မပြောဖြစ်ပါ။

''ဟေ့ကောင် ... မင်းကိုကော ချမ်းကဘာမှမပြောဘူးလား''

ပခုံးချင်းတိုက်ပြီးမေးတော့ '' မပြောပါဘူး'' လို့ဖြေလိုက်သည်။

တကယ်တော့ ဒီကိစ္စမှမဟုတ်။ဘာကိစ္စမှကိုမပြောဖြစ်တာ။တခြားသော စိုက်ပျိုးရေးခြံနှစ်ခုနဲ့ပေါင်းပြီးလုပ်မယ့် သစ်ပင်ပန်းမန်အရောင်းပြပွဲတစ်ခုပြုလုပ်ဖို့ပြင်ဆင်နေရတာမို့ ခုတလောမှာ သူစိတ်နဲ့ကိုယ်နဲ့မကပ်လောက်အောင်ပင် မအားပါ။ပြပွဲကော မျိုးစေ့တွေပျိုးပင်တွေရောင်းချတာကောအပြင် ပြိုင်ပွဲတွေပါထည့်မှာမို့လို့ ပိုပြီးအာရုံများချင်စရာကောင်းနေကာ တမန်စိတ်ကောလူပါအမှန်တကယ်ပဲမအားလပ်နိုင်ပါ။နည်းနည်းလောက်အားတယ် အနားရတယ်လို့ဆိုနိုင်တဲ့အချိန်ဟာ ညဆယ်နာရီ ဆယ့်တစ်နာရီဖြစ်နေတတ်ပြီ။ချမ်းကိုသတိရတာတောင် စိတ်အေးလက်အေးမလွမ်းဆွတ်နိုင်။အပြေးအလွှားသတိရကာ အိပ်ပျော်သွားရတတ်သည်။

အခမ်းအနားပြင်ဆင်ဖို့ အစားအသောက်ချက်ပြုတ်ဖို့ပင်မက ဆာ့ဗ်လုပ်ဖို့ဝန်ထမ်းပင်အပြီးအစီးငှားထားသော ဘွားကို စေ့စပ်လှချည့်ဟုအထင်ကြီးရမည်လား... ဇာချဲ့လှချည့်လို့ပဲတွေးရမလားမသိပေ။သေချာတာကတော့ ဒီပါချမ်းမြမှာ ဤမျှခမ်းနားကြီးကျယ်အကျယ်ချဲ့သောပွဲမျိုးမလုပ်ခဲ့တာ နှစ်ပေါင်းများစွာကြာခဲ့ပြီဆိုတာပင်။မိသားစုနဲ့အမျိုးတွေလောက်သာနဲ့ သိုသိုသိပ်သိပ်ကလေးကျင်းပသောပွဲမျိုးမှာ အလွန်ရင်းနှီးမျက်နှာနာရသော မိတ်ဆွေအနည်းငယ်ကိုထည့်သွင်းဖိတ်ကြားတာမျိုးလောက်သာရှိလျက် တမန်တို့သိပ်မမှတ်မိတော့သည့် နောက်ဆုံးအကြိမ်အကြီးကျယ်ဆုံးကျင်းပခဲ့သောပွဲမှာ လေးလေးသိင်္ခရဲ့မင်္ဂလာပွဲပင်။ဘွားလက်အောက်က ဝန်ထမ်းတွေနဲ့ဆွေမျိုးတွေအတွက်ကသက်သက်...ဘွားရဲ့မိတ်ဆွေတွေအတွက်ကသက်သက်... ပြီးတော့ လေးလေးသိင်္ခနဲ့အန်တီဝင်နီရဲ့မိတ်ဆွေသူငယ်ချင်းတွေအတွက်ကသက်သက်.. သုံးပွဲတိတိကျင်းပခဲ့ကာ....တမြို့လုံးပြောစမှတ်တွင်ကျန်ခဲ့ကြရတဲ့အဲ့ဒီပွဲက ဗီဒီယိုမှတ်တမ်းတင်ခွေကကြည့်လို့မရတော့တာမို့  ဓာတ်ပုံတွေလောက်ပဲကျန်ခဲ့တာတောင် ဘယ်လောက်ထိ အကြီးအကျယ်ဖြစ်ခဲ့မလဲဆိုတာခန့်မှန်းလို့ရပါသည်။

မနီးချင်...မဝေးချင်||completed||Where stories live. Discover now