မတရားခံရမှု ခိုးမှူတွေလို အမှန်တရား​မရမချင်း ဆိုရှယ်မီဒီယာပေါ်မှာအမြဲတွေ့နေရမယ့်သတင်းမှမဟုတ်တာ။ နှစ်ဦးနှစ်ဖက်က ညှိနှိုင်းပြီးဖြေရှင်းချက်ထုတ်ပြီးပြီပဲ။ သဝန်တိုတဲ့ဖန်တွေအတွက်တော့ စိတ်အေးသွားရမယ်။ နှစ်ဦးနှစ်ဘက်သဘောတူတဲ့ဖန်တွေအတွက်တော့ "ဟင်"ဆိုပြီးအစချီ တကယ်​မဖြစ်လေခြင်းဆိုပြီး စိတ်ခုသွားရုံပဲခုသွားမယ်။ တကယ်မဟုတ်လည်း နှစ်ယောက်ကို အချစ်မပြတ်မယ့်ဖန်တွေလည်းရှိမယ်။ ကြားထဲက အတင်းငြင်းနေပြန်ပါပြီဆိုပြီး မဆီမဆိုင်အတင်းရောယောင်သွေးထိုးတဲ့ သူတွေလည်းရှိမယ်။

အချိန်တစ်ခုကြာရင် ဒီကိစ္စကသွေးအေးသွားမှာ။ မေ့သွားကြမှာ။ ဒါကို အာဏာလိုလိုကြီးသုံးပြီးလုပ်ချလိုက်တော့ ဒယ်ဒီ့အတွက်ကတော့ သူ့ကုမ္ပဏီကသူကို သူအပြည့်အဝ ကာကွယ်တတ်တဲ့ စီအီးအိုကြီးပေါ့လေ။ ရောင်စဥ့်အတွက်ကတော့ အဖေကိုယ်တိုင်ကဝင်ရှင်းပေးရတဲ့အထိ အနေအထိုင်မတတ်၊ အဖေအားကိုးနဲ့ အထိမခံဖြစ်နေတာဆိုတဲ့ ရိသဲ့သဲ့ဂုဏ်ပု​ဒ်တွေပဲရလိုက်တာ။

မင်းသမီးဆိုတာ ထိုင်ရင်ထိုင်လို့ ထရင်ထလို့ ဝေဖန်နေတဲ့သူကရှိနေမှာပဲဆိုတာသိပေမယ့် လျစ်လျူရှုတတ်ခြင်းကိုတော့ ရောင်စဥ် ခုထိမတတ်မြောက်သေးပါ။ တလောတလော နှုတ်ကထွက်မပြောမိတမယ် စိတ်တွေတိုတိုလာမိတာ။ တစ်ခါလေးစိတ်လိုလက်ရထပြောမိရင်လည်း မျက်နှာဖုံးကွာကျပြီဆိုပြီး ကြံကြံဖန်ဖန်လာကြဦးမှာ။ ဒါကြောင့် ဒယ်ဒီ့ကို ရောင်စဥ်စကားမပြောတာ သုံးရက်ပြည့်တော့မည်။

နောက်တစ်ခုရှိသေးတယ်။ တစ်ခုခုဆို ဒယ်ဒီတို့ခလုတ်တိုက်တိုက်နေတာ ရုပ်ရှင်ရိုက်တာနားဖို့ကိစ္စ။ ကြားထဲဒီကိစ္စကဖြစ်သွားတော့ ဒယ်ဒီနဲ့မာမီအတွက် ရောင်စဥ့်ကိုအနုပညာလောကထဲကနားခိုင်းဖို့ အခွင့်အရေးအလုံအလောက်ရသွားတာပေါ့လေ။ ခုလို ရောင်စဥ့်အမှားတစ်ကွက်ပေါ်သွားတဲ့အခါ စာဘက်ကိုပဲလှည့်စေချင်တဲ့ ဒယ်ဒီ့အတွက်မဟာအခွင့်အရေးကြီးပဲ။ ဒီလောက်ပွနေတဲ့သတင်းတွေ သူအုပ်ပေးလိုက်လို့ ငြိမ်းသွားရပါတယ်ဆိူတာကိုထောက်ပြီး ရောင်စဥ့်ကိုဖိအားပေးတော့မှာ။ ဒါကြောင့် ရောင်စဥ်ကလည်း အပေးအယူတစ်ခုပြန်လုပ်ခဲ့တယ်လေ။

IDOLWhere stories live. Discover now