"အား ... နားယားတယ်ဗျ! အနား .....ကပ်မလာနဲ့နော် ... ကျွန်တော်ထိုးမှာနော်ဗျ!"

လင်းမှာ ဆူညံ‌ကာ ပြေးလွှားနေသော နှစ်ယောက်သားကိုသာ ကြည့်ကာ ပြုံးမိရတော့၏။ စင်စစ်တော့ အာရွန်ကိုမြင်လိုက်တိုင်းတွင် လင်းသည် ရင်းနှီးကျွမ်းဝင်သော ခံစားချက်တစ်မျိုးကို ခံစားရတတ်၏။ ရုပ်ရည်၊ အသံ စသည်ဖြင့် တစ်ခုခုက မြင်သာလောက်အောင် တူညီသည်တော့ မဟုတ်သော်ငြား ခံစားချက်အရ ဟိုအရင်နှစ်များက သိခဲ့ဖူးသူတစ်ယောက်ကို အမှတ်ရမိစေတာဖြစ်၏။

သို့သော် ထိုအတွေးစကို အစဆွဲထုတ်မိခိုက်တွင် လင်း၏ အာရုံက ချက်ချင်းပင် ဝိုးတဝါးပုံရိပ်များနှင့် ပြည့်နှက်လို့သွား၏။

ဆေးရုံကားသံများနှင့်ရောပြွမ်းနေသော လူတို့၏ အော်ဟစ်သံသံများ၊ နှလုံးသားကို ဆွဲညစ်ထားသလို တင်းကြပ်သော ခံစားချက် အပိုင်းအစတစ်ချို့၊ နေရာအနှံ့ ချင်းချင်းနီနေသော သွေးများ၊ ထိုသွေးအိုင်ထဲက လူတစ်ယောက် .....

"ကိုလင်း ... လာလေ ဘာရပ်လုပ်နေတာ?"

သီခ၏ ခေါ်သံက လင်းကို အတွေးမလွန်အောင် အချိန်မီကယ်တင်လိုက်သည်။

"ဘာမှမဟုတ်ပါဘူး .... လာပြီ လာပြီ"

လင်းသည် စိတ်ကို အမြန်ရှင်းထုတ်လိုက်ရင်း သီခနှင့် အာရွန်နောက်သို့ ခပ်သွက်သွက် ပြေးလိုက်သွားဖြစ်တော့၏။

×××

"အာ .... တွေ့ရတာ ဝမ်းသာပါတယ် ကျွန်တော် ခမ်းဝေပါ"

"ဪ ဟုတ်ကဲ့"

သီခသည် ခေါင်းကုတ်ရင်းပင် နှုတ်ဆက်လိုက်ရင်း တံခါးဖွင့်ပေးလိုက်၏။ လူငယ်အသံက ခပ်အေးအေးနှင့် နူးနူးညံ့ညံ့။ အေးစက်သော မျက်နှာထားထက်တော့ အနည်းငယ် ပိုနွေးထွေး၏။

သီခမှာ တကယ်ပဲ နိုင်ငံခြားသား၄ယောက်နှင့် မြန်မာတစ်ယောက်သာပါသော မြန်မာ idol အဖွဲ့အဖြစ် ပွဲဦးထွက်ကြရတော့မည်လားဟု ‌တွေးပူနေခဲ့သော်လည်း အခုမှ အနည်းငယ် စိတ်သက်သာရာရသွားရသည်။ ရှမ်းတိုင်းရင်းသား မြန်မာလူမျိုးစစ်စစ်က ငါးယောက်မြောက် အဖွဲ့ဝင်အဖြစ် တံခါးဝသို့ ဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာခဲ့၏။ အရပ်ကတော့ လူးသစ်သည်လဲ အာရွန်နီးနီးပေမို့ အနည်းငယ် အားပြတ်ရ၏။ ထွားကိုထွားနိုင်လွန်းကြသော လူကောင်များပါပေ။

VNITY : The First StepWhere stories live. Discover now