သီချင်လေးတမြူးမြူးနဲ့ မှန်ထဲဘယ်လှည့်လိုက် ညာလှည့်လိုက် သ,ရန,ရတာ နာရီပိုင်းရှိခဲ့ပြီ။ ရေလည်းဇိမ်နဲ့ကိုချိုးခဲ့တာဆိုတော့ ဖြူဖတ်ဖတ်အသားအရေသည် ဖြူသည်ထက်ကြည်လင်နေသည်။ အကြောစိမ်းများ သစ်ပင်အကိုင်းအခက်များလို ယှက်နွယ်နေကြ​ကာ လက်ချောင်းများကလည်း သူဌေးသားပီပီ ရှည်လျားနေကြသည်။ အချိုင့်အခွက်ရယ်လို့ရှိမနေသည့် မျက်နှာတွင် မျက်လုံးမျက်ခုံး နှာတံသေးချွန်ချွန် နှုတ်ခမ်းပါးပါးတို့က အကျအနတည်ရှိနေကြသည်။ တကယ့်ကလေးရုပ်ပါလား။

အင်း ဒီနေ့တော့ချောနေမှဖြစ်မယ်။
ချောတာထက် ကြည့်ကောင်းနေမှဖြစ်မယ်။
သူ့အိုင်ဒေါ်လ်နဲ့ ညစာအတူစားရတော့မှာလေ။

ဒါမျိုးကျ ဖေဖေ တို့ကကြိုမပြော။ အမြဲလောတိုက်နေတာ။ ကြိုသိရင် အရင်ကတွေးထားတဲ့အတိုင်း အစ်ကိုနဲ့အတူဆိုဖို့သီချင်းကြိုလေ့ကျင့်ထားလို့ရတာပေါ့။ အစ်ကုဲ့သီချင်းတွေအကုန်ရနေတာပဲ။ အမှန်တော့ တမင်ကျင့်နေဖို့မလိုပါဘူး။ အတူဆိုဖြစ်အောင်ဆိုရမယ်။

"လေကိုဆန်ကာ တို့ပျံမလား အိုး ဟိုး ဟို....
မေရယ် ပျော်မယ် ဝေဟင်ထဲ ဟိုး အို ဟို ....
ရင်မှာအကြင်နာရေပြာလှိုင်း အို ဟိုး ဟို ရိုက်ခတ်သွားပြီ အချစ်ရေ"

ငါဟာ အကို့ရဲ့ပရိတ်သတ်တွေထဲမှာ ကံအကောင်းဆုံးပရိတ်သတ်ပဲ။ ဘယ်သူမှမရဖူးတဲ့အခွင့်အရေးကြီးကို ငါရဖူးတော့မယ်။ အစ်ကုဲ့အပေါ်ထားတဲ့ စစ်မှန်တဲ့စိတ်ကြောင့် မှန်ကန်တဲ့ရလဒ်ပြန်ရတာဟု ညီညီယုံကြည်သည်။

နာရီကြည့်တော့ ငါးနာရီခွဲပြီ။ နောက်နာရီဝက်လောက်ဆို အစ်ကိုတို့ရောက်လာတော့မည်။ မြန်မြန်တွေ့ချင်လှပြီဖြစ်၍ နာရီဝက်မြန်မြန်ပြည့်သွားစေချင်သည်။ တစ်ချိန်တည်းတွင်လည်း
အစ်ကို့ရှေ့ကျ လိုအပ်ချက်မရှိ ပြာတာမနေအောင် ပြင်ဆင်ချင်သေး၍ ရောက်မလာသေးပါနဲ့ဟုဆုတောင်းမိသည်။

ကုတင်ဘေးမှာ ဂီတာ စားပွဲပေါ်မှာ တယောနှင့် အရှေ့ဘက်နံရံတွင်စန္ဒယားတို့ရှိနေသည်။

"ဒင်....."

စန္ဒယားပေါ်သို့ တစ်ချက်နှိပ်ချလိုက်သည်။ တစ်သံတည်းဖြင့် တုန်ခါသွားသည့်အသံ​နှင့်အတူ ညီညီလည်းရင်တုန်နေသည်။ ရင်တုန်ပြေအောင်ဘာလုပ်ရပါ့။ မေမေတို့ကိုသွားကူရမလား။ ဟုတ်ပြီ။

IDOLWhere stories live. Discover now